ကုလ စစ်ဆေးရေးအဖွဲ့ ဆီးရီးယားကို နောက်တစ်ကြိမ် သွားရောက်

  • 25 စက်တင်ဘာ 2013
Image caption အလက်ပို မြို့အနီးက နေရာ ၃ခုမှာ စစ်ဆေးမယ်

ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေဟာ ဆီးရီးယား နိုင်ငံမှာ ဓာတုလက်နက် သုံးစွဲမှု ရှိမရှိနဲ့ ပတ်သက်လို့ ထပ်မံ စစ်ဆေးဖို့ ဆီးရီးယားကို နောက်တစ်ခေါက် သွားရောက်နေကြပါတယ်။

သြဂုတ်လ ၂၁ ရက်တုန်းက ဒမားစကပ်မြို့ ဆင်ခြေ ဖုံးက တိုက်ခိုက်မှုတစ်ခုမှာ ဆာရင်း အဆိပ် ဓာတ်ငွေ့ သုံးခဲ့တယ်လို့ သူတို့ရဲ့ ပထမတခေါက် လေ့လာမှု အတွင်း တွေ့ရှိ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း လူ ရာနဲ့ချီ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အခု သွားရောက်ဖို့ စီစဉ်ထားတဲ့ နေရာတွေကတော့ နောက်ထပ် နေရာ ၃ ခု ဖြစ်ပြီး အလက်ပို မြို့အနီးမှာ ဖြစ်ပါတယ်။ အဲဒီနေရာတွေမှာလည်း ဒီနှစ်ဆန်းတုန်းက ဓာတု လက်နက် သုံးခဲ့တယ်လို့ စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။

ဓာတုလက်နက် သုံးစွဲမှုနဲ့ပတ်သက်ပြီး ဆီးရီးယားအစိုးရနဲ့ သူပုန်တွေဟာ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် စွပ်စွဲနေခဲ့ကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေကတော့ ဓာတုလက်နက် သုံး မသုံး ဆိုတာကိုပဲ စစ်ဆေးမှာ ဖြစ်ပြီး ဘယ်သူ အသုံးပြုတယ် ဆိုတာကို ဆုံးဖြတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။