ဇင်ဘာဘွေ ဘေးမဲ့တောထဲက ဆင် ၈၁ကောင် သေဆုံး

  • 25 စက်တင်ဘာ 2013
Image caption ဆင်တွေ အုပ်စုလိုက် သွားလာနေကြ

ဇင်ဘာဘွေ နိုင်ငံက အကြီးဆုံး ဘေးမဲ့ဥယျာဉ်ကြီးထဲမှာ သားရိုင်းတိရစ္ဆာန် ခိုးဖမ်းသူတွေ ထောင်ထားတဲ့ cyanide အဆိပ်သင့်ပြီး ဆင် ၈၁ကောင် သေဆုံးသွားတယ်လို့ အရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းက အဲဒီ ဟွမ်ဂီ အမျိုးသား ပန်းခြံထဲကို အစိုးရ ကျွမ်းကျင်သူတွေ လာရောက် ကြည့်ရှု ခဲ့ပြီးတဲ့ အခါမှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရွှေတူးရာမှာ သုံးတဲ့ ဆိုင်ယာနိုက်ဒ် အဆိပ်ကို ဆင်တွေ စားကျက်နားမှာ ချထားခဲ့တာ ဖြစ်တယ်လို့ အရာရှိတယောက်က ဆိုပါတယ်။

အစောပိုင်းတုန်းကလည်း အဲဒီ ဘေးမဲ့ ဥယျာဉ်ထဲက တိရစ္ဆာန် သောက်ရေကန်တွေမှာ အဆိပ်ခတ် ခံရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

တိရစ္ဆာန် ခိုးဖမ်းသူလို့ သင်္ကာမကင်း ဖြစ်ခံရသူ ကိုးယောက်လည်း အဖမ်းခံခဲ့ရပါတယ်။

အာရှမှာ တရားမဝင် ဆင်စွယ် ရောင်းချမှုတွေကို အကြီးအကျယ် နှိမ်နင်းခဲ့ပြီးတဲ့နောက် အဲဒီ ဒေသမှာ ဆင်စွယ် ခိုးယူမှုတွေ ကြီးထွားလာတာ ဖြစ်ပါတယ်။