တရုတ် ဗိုလ်ချုပ်ကြီးရဲ့ သား မုဒိမ်းမှု ထောင် ၁၀ နှစ်ချ

  • 26 စက်တင်ဘာ 2013
လီတီယန်ရီဟာ အရင်ကလည်း လမ်းစည်းကမ်း ဖောက်ဖျက်မှုနဲ့ ထိန်းသိမ်းခံခဲ့ရဖူး

တရုတ် နိုင်ငံမှာ စစ်တပ်က ဗိုလ်ချုပ်ကြီး တစ်ယောက်ရဲ့ သားကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုနဲ့ ဘေဂျင်းမြို့က တရားရုံးတစ်ခုက ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

တရုတ်နိုင်ငံမှာ အဆင့်မြင့် အရာရှိကြီးတွေရဲ့ သားသမီးတွေ အထိန်းအကွပ်မဲ့ ထင်ရာစိုင်း လုပ်နေချိန်မှာ လီတီယန်ရီရဲ့ မုဒိမ်းမှုကြောင့် လူထုရဲ့ ဒေါသကို ပိုဆွပေးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။

စစ်တက္ကသိုလ်ကျောင်းရဲ့ ဂီတ ဆိုင်ရာ ဌာနမှူး ဖြစ်တဲ့ သူ့ဖခင်ဟာ ကြယ်သုံးပွင့် ဗိုလ်ချုပ်ကြီး တစ်ယောက်နဲ့ ရာထူး အဆင့် တူပါတယ်။

အသက် ၁၇ နှစ်သာ ရှိသေးတဲ့ လီတီယန်ရီဟာ ဘေဂျင်းမြို့က ဟော်တယ် တစ်ခုမှာ အမျိုးသမီး တစ်ယောက်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ကြသူ ၅ ယောက်ထဲမှာ ၁ ယောက် အပါအဝင် ဖြစ်ပါတယ်။ သူကတော့ အဲဒီ စွဲချက်တွေကို ငြင်းဆိုထားခဲ့ပါတယ်။

တရုတ် နိုင်ငံမှာ အရာရှိ သားသမီးတွေဟာ ပျက်စီးနေကြပြီး အဂတိ လိုက်စားကြတဲ့ အပြင် သူတို့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကနေ အများအားဖြင့် ကင်းလွတ်ခွင့် ရနေကြတယ်လို့ လူအများအပြားက ပြစ်တင် ပြောဆို နေကြပါတယ်။