အိုဘားမား နဲ့ ဟတ်ဆန် ရိုဟာနီ တယ်လီဖုန်းပေါ်ကနေ ဆွေးနွေး

  • 28 စက်တင်ဘာ 2013
Image caption အီရန် သမ္မတနဲ့ ဖုန်းစကားပြောနေတဲ့ အမေရိကန် သမ္မတ အိုဘားမား

အမေရိကန် သမ္မတ အိုဘားမား ဟာ အီရန် သမ္မတ ဟတ်ဆန် ရိုဟာနီနဲ့ တယ်လီဖုန်းပေါ်က စကားပြောခဲ့ပါတယ်။

ဒါဟာ ၁၉၇၉ ခုနှစ် အစ္စလာမ် တော်လှန်ရေး ပေါ်ပေါက်လာပြီး နောက်ပိုင်း အမေရိကန်နဲ့ အီရန် သမ္မတ နှစ်ယောက် ပထမဆုံး အကြိမ် ဆက်သွယ် ပြောဆိုမှု ဖြစ်ပါတယ်။

အီရန်ရဲ့ နျူကလီးယား အစီအစဉ် အပေါ် သဘောတူညီချက် တခုရအောင် ဆက်ကြိုးစား သွားဖို့ ဆွေးနွေးခဲ့ကြပြီး တိကျပြည့်စုံတဲ့ အဖြေ တခု ရှာနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း မစ္စတာ အိုဘားမားက ပြောသွားခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန် တို့ဟာ အရင်တုန်းက နှစ်နိုင်ငံကြား အကြီးအကျယ် အယုံအကြည် ကင်းမဲ့ခဲ့ကြတာကိုလည်း သူက အသိအမှတ်ပြု ပြောသွားခဲ့ပါတယ်။

သူနဲ့ မစ္စတာ ရိုဟန်နီတို့ နှစ်ယောက်ဟာ သူတို့ရဲ့ ညှိနှိုင်းရေးမှူးတွေကို ခပ်သွက်သွက် လုပ်ဆောင်ဖို့ ညွှန်ကြားချက် ပေးခဲ့ပြီးပြီလို့ မစ္စတာ အိုဘာမားက ဆိုပါတယ်။