တရုတ်မှာ လူကုန်ကူး ဂိုဏ်းကို စစ်ဆင် ဖမ်းဆီး

  • 28 စက်တင်ဘာ 2013
Image caption ရဲတပ်ဖွဲ့ဟာ ပြည်နယ် ၁၁ ပြည်နယ်မှာ စစ်ဆင် ရေး အသွင် ဆောင်ရွက်ပြီး လူကုန်ကူးမှု ပတ်သက် သူတွေကို ဖမ်းဆီးခဲ့

တရုတ် နိုင်ငံမှာ ကလေးတွေကို ဖမ်းဆီး ရောင်းစားမှု တိုက်ဖျက်ရေး စစ်ဆင်မှု အတွင်း ဖမ်းဆီးခံ နေရတဲ့ ကလေး ၉၀ ကျော်ကို တရုတ်ရဲ ကနေ ပြန် ကယ်ထုတ် နိုင်ခဲ့ပါတယ်။

အခုလို လူကုန်ကူးတဲ့ ဧရာမ ကွန်ယက်ကြီးမှာ ပါဝင် ပတ်သက် တယ်လို့ ယူဆသူ ၃၀၁ ယောက် ကိုလည်း ရဲက ဖမ်းဆီး ထိန်းသိမ်း လိုက်ပါတယ်။ ရဲအဖွဲ့ဟာ ပြည်နယ် ပေါင်း ၁၁ ပြည်နယ်မှာ စစ်ဆင်ရေး အသွင် ဆောင်ရွက်ပြီး ပတ်သက် သူတွေကို ဖမ်းဆီး ခဲ့ပေမဲ့ စစ်ဆင်ရေး အတွင်းမှာ အမျိုးသမီး ၂ ယောက်ကတော့ ထွက်ပြေး လွတ်မြောက် သွားတယ်လို့ သိရပါတယ်။

လူကုန်ကူး သူတွေဟာ ယူနန်ပြည်နယ် အနောက် တောင်ပိုင်း နဲ့ ဇီချွမ် ပြည်နယ် တို့မှာ ရှိတဲ့ ကလေးတွေကို ပစ်မှတ် ထားပြီး ဖမ်းဆီး ရောင်းစား ခဲ့ကြတာ ဖြစ်ပါ တယ်။ အခု အခါ လူကုန်ကူးမှု ပြဿနာဟာ တရုတ်ပြည်မှာ ရေးကြီး ခွင့်ကျယ် ပြဿနာ တခု ဖြစ်လာ ပါပြီ။

ဘာ့ကြောင့် ကလေးသူငယ် လူကုန်ကူးမှုဟာ ဒီလောက် ကျယ်ကျယ် ပြန့်ပြန့် ဖြစ်နေရ ပါသလဲ။ လေ့လာသူ တချို့ ကတော့ ဒီဖြစ်ရပ်တွေ ဖြစ်ရ တာဟာ တရုတ်ရဲ့ ကလေး တယောက် ပေါ်လစီရဲ့ ပယောဂ မကင်းဘူးလို့ အပြစ်တင် နေကြ ပါတယ်။

ကလေး တယောက်ပေါ်လစီရဲ့ တင်းကြပ်ချုပ်ကိုင်မှု ကလေးမွေးစားဥပဒေကလျော့တိလျော့ရဲ နိုင်မှု ကလေးတွေကို မှောင်ခို ရောင်းဝယ်တဲ့ စျေးကွက် တကွက် ဖြစ်လာ အောင် ဖန်တီးပေး နေတယ်လို့ သူတို့က ဆိုပါတယ်။

တချို့အိမ်ထောင်စုတွေ ကလည်း အမျိုးသမီးနဲ့ ကလေးတွေကို အိမ်မှာ အစေခံ အဖြစ်ခိုင်းစေဖို့ ဝယ်ယူကြတာ ရှိသလို တချို့ ကျတော့လည်း အမျိုးသမီးကို အငယ် အနှောင်း အဖြစ် ပေါင်းသင်းဖို့ ဝယ်ယူပြီး၊ ကလေးတွေကို သားသမီး အဖြစ် မွေးစားဖို့ ဝယ်ယူတာလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ နှစ်တုံးက တရုတ် နိုင်ငံမှာ ရောင်းအစားခံရတဲ့ ကလေးနဲ့ အမျိုးသမီး ၂ သောင်း ၄ ထောင်ကို ကယ်တင် နိုင်ခဲ့တယ်လို့ ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန က ဆိုပါတယ်။

အဲဒီ အဖမ်းဆီး ခံရသူတွေထဲက တချို့ဟာ မွေးစားဖို့ ဖြစ်ပြီး တချို့ ကိုတော့ ပြည့်တန်ဆာ အဖြစ် အဓမ္မ သွတ်သွင်း ခဲ့တယ်လို့ ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

တရုတ်ပြည်မှာ စီးပွားရေး ပြုပြင် ပြောင်းလဲရေး လုပ်ပြီးနောက် လွတ်လွတ် လပ်လပ် သွားလာ ကူးသန်းခွင့် ပေးခဲ့ခြင်း ဟာလည်း လူကုန်ကူး ဂိုဏ်းတွေ အတွက် အခွင့် သာစေ တယ်လို့ သုံးသပ် သူတွေက ဆိုကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ