ဓါတုလက်နက် ဖျက်သိမ်းရေး ရှေ့ပြေးအဖွဲ့ သွား

  • 29 စက်တင်ဘာ 2013
ဆီးရီးယား ပြည်တွင်းစစ်မြေပြင်
Image caption ဆီးရီးယား ပြည်တွင်းစစ်မြေပြင်

ဓါတုဗေဒကျွမ်းကျင်သူ အဖွဲ့ဝင်၂၀ပါတဲ့ ရှေ့ပြေး စုံစမ်းရေးအဖွဲ့ အင်္ဂါနေ့ကျရင် ဒမတ်စ်ကတ်မြို့ကို ရောက်မှာ ဖြစ်ပါတယ်။ သူတို့စလုပ်ရမှာကတော့ ဓါတု လက်နက်တွေနဲ့ ဒါတွေ ထုတ်လုပ်ဖို့သုံးတဲ့ ကရိယာတွေကို ရေရှည်မှာ အပြီးတိုင် မဖျက်ဆီးနိုင်မီ ချက်ချင်း လက်ငင်းသုံးလို့ မရအောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုသုံးမရအောင် ဖြစ်တဲ့နည်းနဲ့ လုပ်သွားမယ်လို့ ဓါတုလက်နက် တားဆီးရေးအဖွဲ့မှ အရာရှိတွေကပြောပါတယ်။

ဆီးရီးယားအစိုးရက လက်နက် အရေအတွက်နဲ့ ဘယ်မှာ သိမ်းထားတယ်ဆိုတာကို အမှန်အတိုင်းပြောပါ့မလားဆိုတာ အခုအခါ သံသယဖြစ်စရာ အကြောင်းပြချက် မတွေ့သေးဘူးလို့စုံစမ်းရေးအဖွဲ့က ပြောပါတယ်။ ဒါပေမယ့် သူပုန်တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို မသွားနိုင်ရင် ဘယ်လိုလုပ်မလဲ ဆိုတာကိုတော့ ဒီအဖွဲ့က မဖြေကြားပါဘူး။

စုံစမ်းရေး အဖွဲ့ဝင်တယောက်က လုပ်ငန်းဆောင်ရွက်မယ့် ရည်ရွယ်ချက် သုံးခုရှိကြောင်းပြောပါတယ်။ ဖေါ်ထုတ်ရရှိတဲ့ ဓါတုလက်နက် စာရင်းကို မှန်မမှန် စစ်ဆေးဖို့၊ လက်ရှိ လက်နက်ထုတ်တဲ့နေ ရာတွေကို လေ့လာသုံးသပ်ဖို့နဲ့ နောက်ဆုံး သတ်မှတ်တဲ့ အချိန်အတွင်း လက်နက်တွေ ဖျက်ဆီးပစ်နိုင်အောင် ဆီးရီးယား အစိုးရကို ပံ့ပိုးပေးဖို့ဖြစ်ပါတယ်။ ပဏာမ အဖွဲ့ရဲ့လုပ်ငန်းတွေ တစ်လလောက် ကြာနိုင်ပါတယ်။

နောက်တခါ ဆီးရီးယား အာဏာပိုင်တွေ အတတ်ပညာရှင်တွေ နိုင်ငံတကာအဖွဲ့တွေပါဝင်တဲ့ ဓါတုလက်နက် အားလုံး ဖျက်သိမ်းရေး အဖွဲ့ကို Netherlands နိုင်ငံ The Hague မြို့မှာ တည်ထောင်မယ်လို့ အဲဒီမြို့မှာရှိတဲ့ ဘီဘီစီသတင်းထောက် အင်နာ ဟူလီဂင်က သတင်းပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ