ကုန်တိုက် စီးနင်းခံရမှု စစ်ဆေးမှု စတင်

  • 30 စက်တင်ဘာ 2013
Image caption နိုင်ရိုဘီ ကုန်တိုက် စီးနင်းခံရမှုဟာ ကမ္ဘာကို တုန်လှုပ်သွားစေခဲ့

ကင်ညာ နိုင်ငံ နိုင်ရိုဘီ မြို့တော်က ဝက်စ်ဂိတ် ကုန်တိုက်ကြီး တိုက်ခိုက် ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပါလီမန် အမတ်တွေရဲ့ စစ်ဆေးမှုတွေ စတင် နေပြီလို့ သိရပါတယ်။

ကာကွယ်ရေး ကော်မတီရဲ့ အဖွဲ့ဝင်တွေ ကိုယ်တိုင် အဲဒီ ကုန်တိုက်ကြီးကို သွားကြပြီး တိုက်ခိုက်ခံခဲ့ရတဲ့ အခြေအနေတွေကို ကိုယ်တိုင် ကြည့်ရှုခဲ့ကြတယ်လို့ ဆိုပါတယ်။

လာမယ့် ရက်ပိုင်း အတွင်းမှာလည်း ထောက်လှမ်းရေး ဘက်က ဒီလို တိုက်ခိုက်မယ့် အစီအစဉ်ကို ကြိုတင် မသိရခဲ့တာနဲ့ ပတ်သက်လို့ ထောက်လှမ်းရေး အကြီးအကဲကို စစ်ဆေး မေးမြန်းကြမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဒီ ၄ ရက်ကြာ ဖြစ်ခဲ့တဲ့ ကုန်တိုက် စီးနင်း ခံရမှုမှာ အစိုးရဘက်က ကိုင်တွယ် ဆောင်ရွက်မှုတွေကိုလည်း စုံစမ်းမှာ ဖြစ်ပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် လူပေါင်း ၆၇ ဦး ထက်မနည်း သေဆုံး ခဲ့ရတယ်လို့ သိရပါတယ်။ ပျောက်ဆုံးသူ အရေအတွက်ကိုတော့ ကင်ညာ ကြက်ခြေနီ အဖွဲ့က အစပိုင်းက ပြောထားတဲ့ ၆၁ ယောက်ကနေ ၃၉ ယောက်ကို လျှော့ချ လိုက်တယ်လို့ ဆိုပါတယ်။