နိုင်ဂျီးရီးယား ကျောင်းတွေ လုံခြုံမှုမရှိ

  • 30 စက်တင်ဘာ 2013
Image caption စိုက်ပျိုးရေးကောလိပ်မှာ ပစ်ခတ်မှု ကျောင်းသား အယောက် ၅၀ သေဆုံးခဲ့

နိုင်ဂျီးရီးယားနိုင်ငံ ယိုဘီ ပြည်နယ်က စိုက်ပျိုးရေးကောလိပ်မှာ ပြီးခဲ့တဲ့ စနေနေ့က ကျောင်းသား အယောက် ၅၀ အိပ်နေတုန်း သတ်ဖြတ် ခံခဲ့ရချိန်တုန်းက လုံခြုံရေးအတွက် ဘာအကာအကွယ်မှ မရှိခဲ့ဘူးလို့ အာဏာပိုင် တွေက ပြောပါတယ်။

ယိုဘီပြည်နယ်ရဲ့ ပြောခွင့်ရ အဗ္ဗဒူလ်လာဟီ ဘေဂိုက အဲဒီ ပြည်နယ်ထဲက တခြားကျောင်းတွေမှာ လုံခြုံမှု ရှိဖို့ အတွက် စစ်ဘက် အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။

သူက အကြမ်းဖက် သမားတွေဟာ လူတွေ ပညာမသင်ရဲအောင် လုပ်နေကြတာ ဖြစ်ကြောင်း၊ ဒါပေမယ့် နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းက ကလေးတွေ ပညာသင်ကြားရေးအတွက် ကျောင်းတွေကို ပိတ်ပစ်မှာ မဟုတ်ဘဲ လုံခြုံမှု ရှိနေအောင် လုံခြုံရေး တပ်ဖွဲ့တွေနဲ့ စီစဉ် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

အစ္စလာမ်မစ် နိုင်ငံ ထူထောင်ဖို့ ကြိုးစားနေတဲ့ ဘိုကိုဟာရမ် အကြမ်းဖက် အဖွဲ့ဟာ ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းက အစိုးရ တပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုတွေကို တုန့်ပြန်တဲ့ အနေနဲ့ အခုလို အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာတာ ဖြစ်တယ်လို့လည်း မစ္စတာ ဘေဂိုက ပြောကြားခဲ့ပါတယ်။