မိုက်ကယ် ဂျက်ဆင် မိသားစု အမှုရှုံး

  • 3 အောက်တိုဘာ 2013
Image caption မိုက်ကယ် ဂျက်ဆင် မသေသင့်ပဲ သေခဲ့ရတာလို့ သူ့မိသားစု က ပြောနေ

ကွယ်လွန်သူ ပေါ့ပ် အဆိုတော် မိုက်ကယ် ဂျက်ဆင်ဟာ မသေသင့်ပဲ သေခဲ့ရတာဆိုပြီး သူ့ရဲ့ နောက်ဆုံး လှည့်လည် ဖျော်ဖြေပွဲ စီစဉ်သူ AEG Live ကုမ္ပဏီအပေါ် မိုက်ကယ် ဂျက်ဆင်ရဲ့ ကျန်ရစ်သူ မိသားစုက တရားစွဲ ဆိုထားတာ အမှုရှုံးသွားပြီ ဖြစ်ပါတယ်။

မိုက်ကယ် ဂျက်ဆင် သေဆုံးခဲ့ရမှုမှာ တာဝန်မကင်းတဲ့ ဆရာဝန် Conrad Murray ကို AEG ကုမ္ပဏီက ငှားရမ်းခဲ့တာ ဖြစ်ပေမယ့် သူဟာ အလုပ်နဲ့ သင့်တော်ပြီး အရည်အချင်းပြည့်မှီသူ တဦး ဖြစ်တာကြောင့် မိုက်ကယ် ဂျက်ဆင် သေဆုံးခဲ့မှုအတွက် AEG အနေနဲ့ လျော်ကြေး ပေးစရာ မလိုဘူးလို့ တရားရုံး ဂျူရီလူကြီးတွေက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

မေ့ဆေးလွန်ပြီး မိုက်ကယ် ဂျက်ဆင် သေဆုံးခဲ့အပြီး နှစ်နှစ်အကြာမှာ ဒေါက်တာ Conrad Murray ကို ပေါ့ဆမှုနဲ့ ရုံးတော်က ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

AEG ကတော့ မိုက်ကယ် ဂျက်ဆင် သေဆုံးမှုမှာ သူတို့အပြစ်မရှိကြောင်း မိုက်ကယ် ဂျက်ဆင် ကိုယ်တိုင်မှာသာ တာဝန်ရှိပြီး သူဘယ်လောက် ဆေးစွဲနေသလဲ ဆိုတာ သူတို့ မသိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။