ဘတ်ဂျက်ကိစ္စ အငြင်းပွားမှု မပြေလည်သေး

  • 3 အောက်တိုဘာ 2013
မလိုအပ်ပဲ အခုလို ထွက်ပေါက် မရှိတဲ့ အခြေအနေမျိုး ရောက်ရတာကို အိုဘားမား ဒေါသထွက်

အမေရိကန်နိုင်ငံမှာ အစိုးရ ဝန်ဆောင်မှု လုပ်ငန်း တစိတ်တပိုင်း ရပ်ဆိုင်းသွားစေတဲ့ နိုင်ငံတော် ဘတ်ဂျက် ရသုံးငွေ စာရင်း ဥပဒေသစ် ကိစ္စ အငြင်းပွားနေမှု ပြေလည်သွားအောင် ကြိုးပမ်းဖို့ သမ္မတ အိုဘားမားနဲ့ ကွန်ဂရက် ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့မှုဟာ သဘောတူချက် တစုံတရာ မရပဲ အဆုံးသတ်ခဲ့ရပါတယ်။

ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတွေ ထဲမှာ အောက်လွှတ်တော် ဥက္ကဌ ရီပတ်ဘလီကန် ပါတီဝင် John Boehner၊ ဒီမိုကရက် တဦး ဖြစ်တဲ့ ဆီးနိတ် လွှတ်တော် အမတ်နေရာ အများစု ခေါင်းဆောင် Harry Reid ၊ ဆီးနိတ် လွှတ်တော်ရဲ့ ရီပတ်ဘလီကန် ခေါင်းဆောင် Mitch McConnell နဲ့ အောက်လွှတ်တော်ရဲ့ ဒီမိုကရက် ခေါင်းဆောင် Nancy Pelosi တို့ ပါဝင်ပါတယ်။

ဆွေးနွေးပွဲ မတိုင်ခင်တုန်းက ရီပတ်ဘလီကန်နဲ့ ဒီမိုကရက် ကွန်ဂရက် ခေါင်းဆောင်တွေ အကြား ကမ်းလှမ်းခဲ့ကြတဲ့ လိုက်လျောမှုတွေကို အပြန်အလှန် ပယ်ချခဲ့ကြပါတယ်။

အခုလို ထွက်ပေါက်မရှိတဲ့ အခြေအနေမျိုးကို မလိုအပ်ပဲ ရောက်ခဲ့ရတဲ့အတွက် ဒေါသ အကြီးအကျယ် ထွက်ခဲ့ရတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အမေရိကန် နိုင်ငံမှာ အခုလို အစိုးရ ဝန်ဆောင်မှု လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းသွားခဲ့တာကြောင့် နိုင်ငံ့ လုံခြုံရေးကို ကာကွယ် စောင့်ရှောက်နေတဲ့ ထောက်လှမ်းရေး အေဂျင်စီတွေရဲ့ လုပ်နိုင်အားကို ဆိုးဆိုးဝါးဝါး ထိခိုက်သွား စေလိမ့်မယ်လို့ အမေရိကန် ထောက်လှမ်းရေး အဖွဲ့ ညွှန်ကြားရေးမှူး James Clapper က အစောပိုင်းက သတိပေး ပြောကြားလိုက်ပါတယ်။