အမေရိကွန်ဂရက် အဆောက်အဦနားမှာ ပစ်ခတ်မှုဖြစ်

  • 3 အောက်တိုဘာ 2013
US shooting
Image caption အနားတဝိုက်ကို လုံခြုံရေးတွေက ပိတ်ဆို့ထားလိုက်

အောက်တိုဘာလ ၃ ရက် နေ့ ညနေ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ခွဲ (GMT 1830) အချိန်မှာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာရှိတဲ့ ကွန်ဂရက် လွှတ်တော် ရုံးစိုက်ရာ Capitol အဆောက်အဦ နားမှာ ပစ်ခတ်သံတွေ ကြားခဲ့ရလို့ အဲဒီ အနားတဝိုက်ကို လုံခြုံရေးတွေ က ပိတ်ဆို့ထားလိုက်ပါတယ်။

ဘယ်သူတွေ ပစ်ခတ်သလဲ၊ ပစ်မှတ်က ဘာလဲ ဆိုတဲ့ အသေးစိတ် အခြေအနေတွေကို မသိရသေးပါ။

လူတချို့ ဒဏ်ရာရသွားတယ်ဆိုတဲ့ သတင်းရပါတယ်။

အဆောက်အဦထဲမှာ ရှိနေတဲ့ လူတွေကို ပြူတင်းပေါက်တွေ အနားမှာ မနေကြဖို့ မှာထားတယ်လို့ Capitol အဆောက်အဦထဲမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အခြေအနေတွေကို ရုပ်မြင်သံကြားက တဆင့် စောင့်ကြည့်နေကြဖို့ မှာထားတယ်လို့လည်း အဆောက်အဦထဲမှာ ရှိနေသူတဦးက ဘီဘီစီကို ပြောပါတယ်။

Image caption Capitol အဆောက်အဦကို ကာကွယ်နေတဲ့ လုံခြုံရေး

GMT 1910 ဒဏ်ရာရသူတွေအထဲမှာ ရဲ အရာရှိ တဦးပါ၀င်တယ်လို့ သတင်းတွေက ဆိုပါတယ်။ လူ တဦးကို ဖမ်းဆီးထားလိုက်ပြီ ဆိုတဲ့ သတင်းလည်း ရပါတယ်။ ပစ်ခတ်မှုဟာ အဆောက်အဦ အပြင်က လှမ်းပစ်တာ ဖြစ်ပြီး အဆောက်အဦထဲမှာ ဖြစ်တာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ပစ်ခတ်မှု ဖြစ်တဲ့ အချိန်မှာ လွှတ်တော်အမတ်တွေဟာ ဆွေးနွေးပွဲတွေ ပြီးလို့ လွှတ်တော်ခန်းမထဲက ထွက်လာကြချိန် ဖြစ်တယ်လို့လဲ အဲဒီမှာ ရှိနေသူ တဦးက ပြောပါတယ်။

GMT 1925 အမေရိကန် မီဒီယာတွေမှာ သတင်းပေးပို့ချက်တခုအရတော့ ကားတစီးဟာ သမ္မတ အိမ်ဖြူတော် နားက လုံခြုံရေး အရံအတားတခုကို ၀င်တိုက်ခဲ့ပြီး အထဲကို မောင်း၀င်သွားရာက ပစ်ခတ်မှုတွေ စဖြစ်တာလို့ ဆိုပါတယ်။

အဖြစ်အပျက် အခြေအနေတွေကို သမ္မတ အိုဘားမားကို တင်ပြ အစီရင်ခံထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ကားမောင်းပြေးသူကိုလည်း ရဲက ပစ်ခတ်ဖမ်းဆီးခဲ့ပြီလို့ သိရပါတယ်။

Image caption ကားနဲ့ ဝင်တိုက်သူကို ရဲတွေက ဝိုင်းထားစဉ်

GMT 1930 ကားနဲ့ ၀င်တိုက်သူဟာ အမျိုး သမီးတယောက် ဖြစ်တယ်ဆိုတဲ့ ကနဦး သတင်းတွေ ရရှိပါတယ်။ အမေရိကန် ရုပ်သံ မီဒီယာတွေမှာလည်း အမေရိကန် လုံခြုံရေးအရာရှိတဦးကို ကိုးကားပြီး ဒီ သတင်း ထုတ်လွှင့်နေပါတယ်။

GMT 2000 နောက်ထပ်သိရတဲ့ အချက်တွေအရ ကားနဲ့ အမျိုးသမီးဟာ အိမ်ဖြူတော်အနားက ဂိတ်ကို ဝင်တိုက်ပြီးမှ Capitol အဆောက်အဦဖက်ကို မောင်းလာရင်း ရဲတွေက လိုက်ရာက ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒဏ်ရာရသွားတဲ့ ရဲ အရာရှိ အခြေအနေ မစိုးရိမ်ရဘူးလို့လည်း သိရပါတယ်။

အခု အဖြစ်အပျက်ဟာ အကြမ်းဖက်မှု အကြီးကြီးတခုခုနဲ့ ဆက်စပ်မှု မရှိပဲ သီးခြားဖြစ်ရပ်တခုသာ ဖြစ်တယ်လို့ရဲအရာရှိကြီး တယောက်က သတင်းထောက်တွေကို ပြောပါတယ်။

GMT 2210 ကားနဲ့ ၀င်တိုက်ခဲ့သူ အမျိုးသမီး သေဆုံးသွားပြီလို့ ရဲ ပြောခွင့်ရက ပြောပါတယ်။ အမျိုးသမီးရဲ့ ကားထဲမှာ တနှစ်အရွယ် ကလေးတဦးလည်း ပါလာတယ်လို့ ရဲ ပြောခွင့်ရက ဆိုပါတယ်။ အခုတော့ ကလေးငယ်ကို ရဲဖက်က ခေါ်ယူထားတယ်။ ကလေးမှာ ဘာမှ ထိခိုက်မှု မရှိဘူးလို့လည်း ပြောပါတယ်။ အမျိုးသမီးနဲ့ ပတ်သက်လို့တော့ ဘယ်သူဘယ်ဝါဆိုတာ စစ်ဆေးနေဆဲ ဖြစ်လို့ ရဲဖက်က ဘာမှ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ ရဲဖက်က သေနတ်ပစ်ခတ်မှုတွေ ရှိခဲ့တယ်။ အမျိုးသမီးဟာ နှစ်နေရာမှာ လုံခြုံရေးစည်းရိုးကို ဖောက်ပြီး ၀င်ဖို့ကြိုးစားပြီး ကားနဲ့ထွက်ပြေးတယ်၊ လမ်းမှာ ရဲ ကားတွေကိုလည်း ၀င်တိုက်ခဲ့လို့ မတော်တဆ ဖြစ်မှုလို့ မပြောနိုင်ဘူးလို့ ရဲ ပြောခွင့်ရက ဆိုပါတယ်။