ဆီးရီးယားလက်နက် ဖျက်ဖို့ မျှော်လင့်ချက်ရှိ

  • 4 အောက်တိုဘာ 2013
Syria weapons inspectors
Image caption ရှေ့မှာ ခက်ခဲတဲ့ လုပ်ငန်းတွေရှိနေ

ဆီးရီးယားမှာရှိတဲ့ ဓာတု လက်နက်တွေ စစ်ဆေးပြီး ဖျက်ဆီးဖို့ ဆီးရီးယားမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေက သူတို့ လုပ်ငန်း အစမှာ အားတက်စရာ တိုးတက်မှုတွေ ရှိတယ်လို့ ပြောလိုက်ကြပါတယ်။

ဆီးရီးယား အာဏာပိုင်တွေ နဲ့ မြို့တော် ဒမတ်စကပ်မှာ ဆွေနွေးမှုတွေ လုပ်ပြီးတဲ့ နောက်မှာ သူတို့ကို ပေးတဲ့ လက်နက်နဲ့ ပတ်သက်တဲ့ အထောက်အထား စာရွက်စာတန်းတွေဟာ လက်ခံနိုင်စရာရှိတယ်၊ ဒါပေမယ့် ဆက်ပြီး လေ့လာစစ်ဆေးမှုတွေတော့ လုပ်ရ လိမ့် ဦးမယ်လို့ စစ်ဆေးရေးမှူးတွေက ဆိုပါတယ်။

အင်္ဂါနေ့မှာ ဆီးရီးယားကို ရောက်လာတဲ့ စစ်ဆေးရေးမှူးတွေက ဓာတုလက်နက်တွေ သိမ်းဆည်းထားတယ်ဆိုတဲ့ နေရာတွေကို စစ်ဆေးပြီး တခါတည်း ဖျက်ဆီးပစ်တာတွေကို လာမယ့်အပတ်ထဲမှာ စလုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်။

ကုလသမဂ္ဂ စစ်ဆေးရေးမှုးတွေရဲ့ တာဝန်က ဆီးရီးယားမှာ ရှိတဲ့ ဓာတု လက်နက် အားလုံးကို လာမယ့် နှစ်လယ်အရောက်မှာ အားလုံး ဖျက်ဆီးပစ်နိုင်ဖို့ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ လက်နက်စစ်ဆေးရေးမှူးတွေ ဆီးရီးယားမှာ ရှိနေတုန်း သူတို့ လုံခြုံရေးအတွက်လည်း ဦးစားပေး စဉ်းစားဖို့ လိုတယ်လို့ ပြောပါတယ်။