ကန် အစိုးရလုပ်ငန်းရပ်တန့်မှု ဆက်ဆံရေးထိခိုက်နိုင်

Image caption အမေရိကန် အစိုးရက အာရှကို ပေးထားတဲ့ အာမခံချက်တွေ အပေါ်မှာ ဘာမှ ထိခိုက် နစ်နာ စရာ မရှိပါ

အမေရိကန် အစိုးရရဲ့ လုပ်ငန်း ဆောင်တာ တွေကို ရပ်တန့် ဆိုင်းငံ့ထား ရတာဟာ တာရှည် သွားမယ် ဆိုရင် အမေရိကန် အစိုးရရဲ့ နိုင်ငံ တကာ ဆက်ဆံရေး တွေကို ပါ ထိခိုက် နစ်နာ စေနိုင် တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောလိုက်ပါတယ်။

အင်ဒိုနီးရှားမှာ ပြုလုပ်နေတဲ့ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီး ညီလာခံမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု အဖြစ် အပျက်ဟာ ခေတ္တ ခဏလောက်ပဲ ကြာမယ်လို့ မျှော်လင့်ရပြီး အမေရိကန် အစိုးရက အာရှကို ပေးထားတဲ့ အာမခံချက်တွေ အပေါ်မှာ ဘာမှ ထိခိုက် နစ်နာ ပျက်စီး စရာ မရှိပါဘူးလို့ သူက ဆိုပါတယ်။

အမေရိကန် သမ္မတ ဘရက် အိုဘားမားဟာလည်း အမေရိကန် အစိုးရရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်း မှုကြောင့် သူ့ရဲ့ အာရှ ခရီးစဉ် ဖျက်သိမ်းခဲ့ရပါတယ်။ အမေရိကန် အစိုးရ ဟာ သူ့ရဲ့ ဘတ်ဂျက် အသစ်ကို ကွန်ဂရက်စ် လွှတ်တော်မှာ သဘောတူညီချက် ရရှိအောင် မဆွေးနွေး နိုင်ခဲ့လို့ အခုလို အစိုးရ အဖွဲ့ လုပ်ငန်း ဆောင်တာတွေ ရပ်ဆိုင်း နေတာ ဖြစ်ပါတယ်။

ဒီလို ရပ်ဆိုင်း သွားတဲ့ အတွက် ထောင်သောင်းချီတဲ့ အစိုးရ ဝန်ထမ်းတွေဟာ အလုပ် ရပ်နား ခံခဲ့ကြရပါတယ်။ တချို့ ဝန်ထမ်း တွေဟာ အလုပ်ဆက် လုပ်ကြ ပေမဲ့ သူတို့ အလုပ် လုပ်တဲ့ အတွက် လခ ရကြမှာ မဟုတ်ပါဘူး။

အမေရိကန် အစိုးရနဲ့ ဥရောပ သမဂ္ဂတို့ အကြားမှာ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေး ညှိနှိုင်းမှု ပြုလုပ်မယ့် ပွဲကိုလည်း ဒီအစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်း နေမှုကြောင့် ဆွေးနွေးပွဲ ဆိုင်းငံ့ ထားရ ပါတယ်။

အမေရိကန် အစိုးရရဲ့ ဘတ်ဂျက် ကိစ္စ သဘောတူညီချက် မရတဲ့ အတွက်ကြောင့် ထိခိုက် ရတာတွေ ကတော့ အစိုးရ ငွေနဲ့ လည်ပတ်တဲ့ လုပ်ငန်း အားလုံးပဲ ဖြစ်ပါတယ်။

အများ ပြည်သူသုံး ပန်းခြံလိုဟာမျိုး တောင်မှာ ပိတ်ထား ရပါတယ်။ တခြား အစိုးရ အဆောက် အအုံတွေလည်း ပိတ်ထား ရလို့ တချို့ မင်္ဂလာဆောင် မယ့် သတို့ သမီး သတို့သား စုံတွဲတွေ တောင်မှ သူတို့ မင်္ဂလာပွဲ လုပ်ဖို့ ကြိုတင် စာရင်းသွင်း ထားတဲ့ ခမ်းမ ပျောက်ပြီး အကြီး အကျယ် ဒုက္ခရောက် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ