ဂျွန်ဘေနာက သမ္မတ အိုဘားမားကို တန်ပြန် ထိုးနှက်

  • 5 အောက်တိုဘာ 2013
Image caption ကစားကွက် ရွေ့နေတာ မဟုတ်ဘူးလို့ ဆိုတဲ့ အောက်လွှတ်တော် ဥက္ကဌ ဂျွန်ဘေနာ

အမေရိကန် ပြည်ထောင်စုမှာ ဗဟို အစိုးရ လက်အောက်ခံ အလုပ်ဌာန တချို့ ဆက်လက် ပိတ်ထားရတာ လေးရက်မြောက် နေ့ကို ရောက်လာချိန်မှာ ဘတ်ဂျတ် ဆိုင်ရာ အငြင်းပွားမှုနဲ့ ပတ်သက်လို ရီပါ့ဘလစ်ကန်တွေက သမ္မတ အိုဘားမားကို တန်ပြန် ထိုးနှက် ပြောဆိုခဲ့ပါတယ်။

အခုလို နှစ်ဖက် ညှိလို့မရ ဖြစ်နေတဲ့ အခြေအနေဟာ ကစားပွဲ အကွက်ရွေ့ နေတာ မဟုတ်ဘူးလို့ အောက်လွှတ်တော် ဥက္ကဌ ဂျွန်ဘေနာက ဒေါသတကြီး တုန့်ပြန် ပြောဆို လိုက်ပါတယ်။

ဘတ်ဂျတ်ဆိုင်ရာ သဘောတူညီမှု တခုခု ရချင်ရင် သမ္မတ အိုဘားမားရဲ့ ကျန်းမာရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို အပြောင်းအလဲ လုပ်ပေးဖို့ လိုတယ်လို့ သူ့ဆုံးဖြတ်ချက်ကို ထပ်ပြီး အခိုင်အမာ ပြောသွားခဲ့ပါတယ်။

အစိုးရ လုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်အောင် ယာယီ ထောက်ပံ့ရေး အစီအစဉ်ကို ထောက်ခံပေးပါလို့ ၊ သမ္မတ အိုဘားမားက ၊ မစ္စတာ ဘေနာကို တုန့်ပြန် တိုက်တွန်း လိုက်ပါတယ်။

ဒါ့အပြင် သူက ဒီပွဲမှာ ဘယ်သူမှ မနိုင်ပါဘူး ၊ အစိုးရ လုပ်ငန်းတွေ လည်ပတ်မှု ရပ်နေတာ ဒီနေ့ အဆုံးသတ်ရ ပါလိမ့်မယ်လို့ ဆိုသွားခဲ့ပါတယ်။