အမေရိကန် ကာကွယ်ရေး ဝန်ထမ်းတွေ အလုပ် ပြန်ဆင်းနိုင်ပြီ

  • 6 အောက်တိုဘာ 2013
US shut down
Image caption ကွန်ကရက်လုပ်ပုံ မကျေနပ်လို့ ဆန္ဒပြသူ ပြည်သူ တဦး

အမေရိကန် အစိုးရ ရဲ့ဘတ်ဂျက်ကို ကွန်ကရက် လွှတ်တော်မှာ အတည်မပြုနိုင်ကြ သေးတဲ့အတွက် အစိုးရဝန်ထမ်း ၈ သိန်း လောက် အလုပ်မဆင်းရပဲ အိမ်မှာပဲ နေနေရတာ ၅ ရက်လောက်ရှိခဲ့ပြီး တဲ့နောက် အဲဒီ ဝန်ထမ်းတွေ အတွက် ဘက် လစာ ပြန်ပေးမယ်ဆိုတာ ကို လွှတ်တော် က တညီတညွတ်တည်း အတည်ပြုလိုက်ပါတယ်။

နောက်ထပ် ပြောင်းလဲ လာတဲ့အချက်ကတော့ ကာကွယ်ရေး ၀န်ကြီးဌာန က ၀န်ထမ်းတွေ လာမယ့် တနင်းလာနေ့ကစပြီးအလုပ်ပြန်ဆင်းနိုင်တော့မယ် ဆိုတာပါ။

အမေရိကန် ကာကွယ်ရေး၀န်ကြီး ချပ်ခဟေဂဲလ် က ကျန်ုပ်တို့ရဲ့ စစ်တပ်ကို ပေးရမယ် ဆိုတဲ့ ဥပဒေ အရ ကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းတွေ ကို ပြန်ခန့်လို့ရတာလို့ဆိုပါတယ်။

အဲဒီ အတွက် အခု ဥပဒေနဲ့ အကျုံးဝင်နေတဲ့ ဝန်ထမ်း ၄ သိန်းလောက် အလုပ်ပြန်ဆင်းနိုင်တော့မှာပါ။

ဒါပေမယ့်လည်း အာဏာရ ဒီမိုကရက်တစ် ပါတီနဲ့ အတိုက်အခံ ရီပတ်ဘလီကန် တို့အကြား သဘောထားကွဲလွဲနေကြတဲ့ ဖက်ဒရယ် အစိုးရ ဘတ်ဂျက် ကတော့ အတည်မပြုနိုင်သေးပါဘူး။

အောက်လွှတ်တော်မှာ လွှမ်းမိုးထားတဲ့ ရီပတ်ဘလီကန် အမတ်တွေ က သမတ အိုဘားမား အတည်ပြုခဲ့တဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ် ပြုပြင်ပြောင်းလဲရေး ဥပဒေ ကို ရွှေ့ဆိုင်း ဖို့၊ ဒါမှမဟုတ် ဖျက်ပစ်ဖို့ တောင်းဆိုနေပါတယ်။

ဒီမိုကရက်တစ်ပါတီ ဘက်က တော့ ဒီဥပဒေ က ၂၀၁၀ မှာ ပြဌာန်းခဲ့တာ၊ နောက်ပိုင်းမှာ ဖွဲ့စည်းပုံ တရားရုံးချုပ် ကလည်း အတည်ပြုခဲ့ပြီးပြီ၊ ပြန်ပြင် ပေးဖို့မလိုဘူးလို့ငြင်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ သမတ ရွေးကောက်ပွဲမှာ ပြိုင်ဘက် ၂ ပါတီ အကြား ဒီကိစ္စ က အဓိက အငြင်းအခုံဖြစ်ခဲ့ကြတဲ့ သမိုင်းလည်း ရှိခဲ့ပါတယ်။

ဒီလို ၂ဘက်အကြား ဘတ်ဂျက် အတည်မပြုနိုင်တာ ဘယ်လောက် ဆက်ရှည်ကြာ နေမလဲ ဆိုတာတော့ မှန်းလို့ မရနိုင်သေးပါဘူး။

နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က တော့ အခုလို အစိုးရ ၀န်ထမ်းတွေ အလုပ်မဆင်းနိုင်ပဲ ဖြစ်နေတဲ့ အခြေအနေကြောင့် နိုင်ငံတကာ မျက်နှာစာ အလယ်မှာ အမေရိကန် တို့ သိက္ခာ ထိခိုက် နိုင်တယ် လို့သတိပေးပါတယ်။

ဒီပြဿနာကြောင့် အရင်စီစဉ်ထားပြီးသား အာရှ ခရီးစဉ် ကို ဖျက်ထားရတဲ့ သမတ အိုဘားမား ကလည်း ရီပတ်ပလီကန် တို့အနေနဲ့ ကရော်ကမယ် ရယ်စရာတွေ လုပ်နေတာတွေ ရပ်သင့်ပြီလို့ ဆိုပါတယ်။

အမေရိကန် ကွန်ကရက် အနေနဲ့ အမေရိကန် အစိုးရ က ချေးယူနိုင်တဲ့ ပမာဏ ကို ဒေါ်လာ ၁၆ ဒဿမ ၇ တရီလီယံ အထိ တိုးဖို့သဘောမတူ မချင်း အခုပြဿနာ က ဆက်ရှိနေဦးမှာပါ။

ဒီအရေး ဖြေရှင်းဖို့ နောက်ထပ် နောက်ဆုံးရက် သတ်မှတ်ချက် ကတော့ အောက်တိုဘာ ၁၇ ရက် လို့ သတ်မှတ်ထားကြပြီး အဲဒီရက် လွန်လာရင် ပြဿနာ အသစ်တွေ ထပ်တိုးလာနိုင် ပါကြောင်း သုံးသပ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ