အမေရိကန် ချေးငွေပမာဏတိုးရေး ညှိမရ

  • 9 အောက်တိုဘာ 2013
Image caption သမ္မတ အိုဘားမားက ရီပတ်ပလီကန်ကို အပြစ်တင်

အမေရိကန် အစိုးရက ချေးငွေ အများဆုံး ချေးယူနိုင်မယ့် ပမာဏကို တိုးမြှင့်ပေးဖို့ ကွန်ဂရက် အမတ်တွေကို သမ္မတ အိုဘားမားက တိုက်တွန်းလိုက်ပြီး အဲလို မလုပ်ရင် နိုင်ငံဟာ စီးပွားပျက်ကပ်ထဲ ပြန်ကျသွားနိုင်တယ်လို့ သတိပေးထားပါတယ်။

ငွေအများဆုံး ချေးနိုင်မယ့် ပမာဏ ကို အမေရိကန် ကွန်ဂရက်ကနေ သတ်မှတ်ရမယ့် နောက်ဆုံးနေ့ရောက် ဖို့ ၈ ရက်ဘဲ လိုပါတော့တယ်။

အောက်တိုဘာလ ၁၇ ရက်မှာ အပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံရေးသမားတွေကြား သဘောတူညီချက် မရနိုင်ကြသေးပါဘူး၊

အမေရိကန်သမ္မတအိုဘားမားက အများဆုံး ချေးနိုင်မယ့် ပမာဏကို မသတ်မှတ်နိုင်ဘူးဆိုရင် အမေရိကန်နိုင်ငံအပေါ် ကမ္ဘာ့ကြီးရဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

အိမ်ဖြူတော်က သတင်းစာရှင်းလင်းပွဲမှာ သမ္မတအိုဘားမားက သတင်းထောက်တွေကို ပြောခဲ့ရာမှာ ရီပတ်ပလီကန်တွေဟာ အမေရိကန်တို့ရဲ့ စီးပွားရေးနဲ့ ဂုဏ်သိက္ခာကို အန္တရာယ်သက်ရောက်အောင် လုပ်နေတယ်လို့ ပြောခဲ့ပါတယ်။

နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ကလည်း အခုလို အများဆုံးငွေချေးနိုင်တဲ့ ပမာဏသတ်မှတ်ဖို့ သဘောမတူနိုင်ကြတာဟာ ကြာရင် အမေရိကန်စီးပွားရေးကို ထိခိုက်ရုံသာမက အမေရိကန်နဲ့ နိုင်ငံရပ်ခြားက ငွေကြေးစျေးကွက် တွေကိုပါထိခိုက်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

ရီပတ်ပလီကန်တို့ကတော့ ဒီမိုကရက်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမယ့်အစီအစဉ်ကို လက်မလျော့မချင်း ဆွေးနွေးညှိနှိုင်းတာတွေ မလုပ်ဘူးလို့ ဆိုပါတယ်။

အခုလို ရီပတ်ပလီကန်နဲ့ ဒီမိုကရက်တွေကြား ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ တဦးနဲ့ တဦး အပြစ်တင်နေကြပါတယ်။

သမ္မတအိုဘာမားက အိမ်အရောင်းအဝယ်လုပ်ရာမှာ ကြိုက်စျေးမပေးရင် အိမ်မီးရှို့မယ်ဆိုတဲ့ပုံစံနဲ့ဆိုရင် ဘယ်လိုစေ့စပ်ညှိနှိုင်းလို့ရပါ့မလဲလို့ ပြောခဲ့သလို ရီပတ်ပလီကန် အောက်လွှတ်တော်ဥက္ကဌ ဂျွန်ဘေနာကလည်း သမ္မတအိုဘားမားရဲ့ စေ့စပ်ညှိနှိုင်းပုံဟာ ရီပတ်ပလီကန်တွေ အညံခံရင်ခံ မခံရင် မဆွေးနွေးဘူးဆိုတဲ့ ပုံစံဖြစ်နေတယ်။ ဒါဟာ အမေရိကန်အစိုးရ ကျင့်သုံးလေ့ရှိတဲ့ ပုံစံမဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။

ဒီလိုသာ ရှေ့ဆက် တဘက်နဲ့တဘက် မညှိနှိုင်းဘဲ ရှိနေကြမယ်ဆိုရင် အများဆုံး ငွေချေးနိုင်တဲ့ ပမာဏမသတ်မှတ်နိုင်တာကြောင့် အမေရိကန်ပြည်သူတွေတင် ထိခိုက်ရုံမက နောက်ဆက်တွဲ့ ဂယက်ကို ကမ္ဘာကြီးပါ ခံရနိုင်တယ်လို့ ဝါရှင်တန်ဒီစီက ဘီဘီစီ သတင်းထောက် က သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ