အီဂျစ်ကို အမေရိကန်က စစ်ရေး အထောက်အပံ့တွေ ဆိုင်းငံ့

  • 9 အောက်တိုဘာ 2013
Image caption ဆန္ဒပြသူတွေကို စစ်တပ်က အင်အားသုံး ဖြိုခွဲခဲ့

အမေရိကန် အစိုးရက အီဂျစ်နိုင်ငံအတွက် ပေးနေတဲ့ စစ်ရေး အထောက်အပံ့တွေကို အီဂျစ်နိုင်ငံမှာ ဒီမိုကရေစီ ရှေးရှုတဲ့ တိုးတက် ဖြစ်ထွန်းမှုတွေ မတွေ့ရမချင်း ဆိုင်းငံ့ထား မယ်လို့ ထုတ်ဖေါ် ကြေညာလိုက် ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်အရ တိုက်လေယာဉ်တွေ၊ မစ်ဆိုင်း ဒုံးတွေ နဲ့ Apache ရဟတ်ယာဉ်တွေ ထောက်ပံ့နေမှု ဆိုင်းငံ့သွားမှာ ဖြစ်သလို ငွေကြေး ဒေါ်လာ သန်း ၂၆၀ လည်း ထောက်ပံ့တော့မှာ မဟုတ်ပါဘူး။

သမ္မတ အိုဘားမား လုပ်ခိုင်းခဲ့တဲ့ သုံးသပ်ချက်အရ အမေရိကန် အစိုးရအနေနဲ့ အီဂျစ်နိုင်ငံကို ပေးနေတဲ့ ထောက်ပံ့မှုတွေကို ပြန်လည် စိစစ်ဖို့ လိုကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေး ဌာန ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

ဒါပေမယ့်လည်း ကျန်းမာရေး၊ ပညာရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး တွေမှာ အီဂျစ်နိုင်ငံသားတွေကို အမေရိကန် အစိုးရက ဆက်လက် ထောက်ပံ့ ကူညီသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သြဂုတ်လတုန်းက မွတ်ဆလင် ညီနောင်များ အဖွဲ့ဝင်တွေအပေါ် အီဂျစ် စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့အပြီးမှာ အမေရိကန် အစိုးရက အီဂျစ်နိုင်ငံကို ပေးနေတဲ့ F 16 တိုက်လေယာဉ်တွေကို ဆက်မပေးတော့ပဲ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေ ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။