ပါကစ္စတန်အစိုးရနဲ့ ဆွေးနွေးမယ်လို့ တာလီဘန်ပြော

  • 9 အောက်တိုဘာ 2013
ပါကစ္စတန်တာလီဘန်ခေါင်းဆောင် မဆုဒ် (အလယ်)

ပါကစ္စတန်တာလီဘန်ခေါင်းဆောင် Hakimullah Mehsud ဟာကီမူလာ မဆုဒ်က ပါကစ္စတန်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ ဘီဘီစီ နဲ့ သီးသန့်ပြုလုပ်ခဲ့တဲ့ မေးမြန်းခန်းမှာ ပြောသွားခဲ့ပါတယ်။

ပါကစ္စတန်နဲ့ အာဖဂန်နယ်စပ်အနီး ပါကစ္စတန် နိုင်ငံထဲက လူမျိုးစုဒေသတွင်း အမည်မဖေါ်လိုတဲ့ နေရာတခုမှာ လုပ်ခဲ့တဲ့ မေးမြန်ခန်းမှာ မစ္စတာ မဆုဒ်က လောလော ပါကစ္စတန်မြို့ကြီးတွေမှာ လုပ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေမှာ သူတို့အဖွဲ့ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းခဲ့ပါတယ်။

လူထု ထိခိုက်ပြီး အိုးအိမ် ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးရတဲ့ လူထုနဲ့ သက်ဆိုင်တဲ့နေရာတွေက ဗုံးဖေါက်ခွဲမှုတွေ မှာ ပါဝင်ပတ်သက်မှုမရှိဘူး၊ ဘာကြောင့်လဲ ဆိုတော့ မွတ်ဆလင်တွေအားလုံးကို မိမိတို့ရဲ့ ညီအကိုတွေအဖြစ် သဘောထားလို့ ဖြစ်တယ်ဆိုပြီး မစ္စတာ မဆုဒ်က ပြောခဲ့ပါတယ်။

သူက ငြင်းပေမယ့် လောလောဆယ် နှစ်တွေအတွင်း ဗုံးဖေါက်ခွဲမှုနဲ့ တခြားတိုက်ခိုက်မှုတွေကြောင့် လူထောင်ချီ သေဆုံးခဲ့ရ တာဟာ သူတို့အဖွဲ့ရဲ့ လက်ချက်လို့ အများက ယူဆကြပါတယ်။

၂၀၀၉ခုနှစ်က မောင်းသူမဲ့ လေယဉ်နဲ့ တိုက်ခိုက်မှုကြောင့် Tehrik-i-Taliban တာလီဘန် လှုပ်ရှားမှုခေါင်းဆောင် Baitullah Mehsud သေဆုံးခဲ့ပြီးတဲ့နောက် အသက် ၃၀ အရွယ်ရှိတဲ့ မစ္စတာမာဆုဟာ တာရစ် အီ တာလီဘန်အဖွဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တာပါ။

သူ့ကိုခေါင်းကိုရရင် ဒေါ်လာ ၅သန်းပေးမယ်လို့ အမေရိကန်အစိုးရက ဆုကြေးထုတ်ထားပါတယ်။

သူဟာ ပါကစ္စတန် အနောက်မြောက်ပိုင်းလူမျိုးစုဒေသတွေက စစ်သွေးကြွအဖွဲ့ ၃၀ ကျော်ကို ထိန်းချုပ်နေတဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။

သူက ပါကစ္စတန်အစိုးရနဲ့ ဆွေးနွေးမယ်လို့ ပြောနေပေမယ့် အစိုးရဘက်က ကမ်းလှမ်းဆက်သွယ်လာတာမျိုးမရှိသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလက နဝပ်ရှာရစ်ဖ် ဝန်ကြီးချုပ် ဖြစ်လာချိန်မှာ တာလီဘန်တွေနဲ့ ခြွင်းချက်မပါတဲ့ ဆွေးနွေးမှုတွေ လုပ်မယ်လို့ ပြောခဲ့ဘူးပါတယ်။

အစိုးရနဲ့ တကယ်တန်း ထိုင်ဆွေးနွေးတဲ့ အချိန်ကျမှ သူတို့ လိုချင်တဲ့ ခြွင်းချက်တွေကို တောင်းဆိုမယ်၊ အခုအချိန် မီဒီယာကို မပြောဘူးလို့ မစ္စတာမဆုဒ်က ပြောပါတယ်။

ဒါပေမယ့် ယုံကြည်ရတဲ့ အပစ်အခတ်ရပ်စဲမှု ဖြစ်ဖို့ဆိုရင် အမေရိကန်တို့ရဲ့ မောင်းသူမဲ့ လေယဉ်တွေနဲ့ တိုက်ခိုက်နေတာတွေကို ရပ်ရမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

နောက်ပြီး အမေရိကန်နဲ့ အမေရိကန်မဟာမိတ်တွေကို သူတို့ ဆက်ပြီး ပစ်မှတ်ထားတိုက်ခိုက်မယ် လို့ ဆိုပါတယ်။

သုံးသပ်သူတွေကတော့ အရင်က ပါကစ္စတန်အစိုးရက ဆွေးနွေးဖို့ စပြောခဲ့ပေမယ့် အခုအခါ တာလီဘန်တွေက ဆွေးနွေးဖို့ ပြောလာတဲ့ အလှည့် ဖြစ်နေပြီ။ အခုလို ပြောလာတာဟာ လူထုရဲ့ အစွန်းရောက်တွေ အပေါ် ဝေဖန်မှုတွေရှိလာတာနဲ့ ထိခိုက်သေကြေမှုတွေအပေါ် လူထုရဲ့ မကျေနပ်မှုတွေကြောင့် တစိတ်တပိုင်း ပါမယ်လို့ ယူဆကြပါတယ်။

ဒါပေမယ် အခုမေးမြန်ခန်းအရ တာလီဘန်တခေါင်းဆောင်ဟာ သူတို့သြဇာအာဏာရှိနေတုံးဘဲလို့ ယူဆနေပုံရကြောင်း သုံးသပ်ကြပါတယ်။

ဘာဘဲပြောပြော တာ လီဘန်နဲ့ ပါကစ္စတန်အစိုးရကြားဆွေးနွေးနိုင်ကြမယ့် အလားအလာတွေ ရှိနေဆဲ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် ဂျိန်းစရော်ဘင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ