လစ်ဗျား ဝန်ကြီးချုပ် ပြန်လည် လွတ်မြောက်

  • 10 အောက်တိုဘာ 2013
Image caption ပြန်ပေးဆွဲခံရအပြီး လွတ်မြောက်လာတဲ့ လစ်ဗျားဝန်ကြီးချုပ်

လစ်ဗျား ဝန်ကြီးချုပ် အလီ ဇေဒန် Ali Zeidan ဟာ သေနတ်သမားတွေရဲ့ နာရီ အတန်ကြာ ပြန်ပေးဆွဲမှုကို ခံခဲ့ရပြီးတဲ့နောက် အခုတော့ ပြန်လွတ်လာပါပြီ။

ထရစ်ပိုလီမြို့က ကတ်ဘိနက် ရုံးချုပ်ကို သူ ပြန်ရောက် လာပုံကို ရုပ်မြင်သံကြားမှာ တွေ့ရပါတယ်။

မစ္စတာ ဇေဒန်ဟာ ကျန်းကျန်းမာမာ ရှိကြောင်းနဲ့ အခုလို ပြန်ပေးဆွဲခံခဲ့ရပုံ၊ ပြန်လွတ်လာပုံ အသေးစိပ်တွေကို မကြာခင် ထုတ်ပြန်မယ်လို့ လစ်ဗျား အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

ထရစ်ပိုလီ မြို့တော်က သူ နေထိုင်ရာ ဟော်တယ်ကနေ လက်နက်ကိုင်တွေက မစ္စတာ ဇေဒန်းကို ပြန်ပေးဆွဲသွားခဲ့တာ ဖြစ်ပါတယ်။

သူ့ကို ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးထားခဲ့တာ ဖြစ်တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ပတ်သက်မှုတွေ ရှိတဲ့ လက်နက်ကိုင် အရန်တပ်ဖွဲ့တစ်ခုက ပြောဆိုပေမယ့် အစိုးရကတော့ ဒီလို ဝရမ်းထုတ်တာမျိုး မရှိပါဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ရာဇဝတ်မှု ဆန့်ကျင်ရေး အဖွဲ့လို့ သူတို့ကိုယ် သူတို့ ခေါ်တဲ့ လက်နက်ကိုင် အဖွဲ့ တစ်ခုကတော့ ဘဏ္ဍာရေး ပြဿနာ အသေးအဖွဲ ကိစ္စတစ်ခုအတွက် လစ်ဗျား ဝန်ကြီးချုပ်ကို သူတို့ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။