အကြွေးယူခွင့် မြှင့်ပေးဖို့ ရီပတ်ပလစ်ကန်ဘက်က ကမ်းလှမ်း

  • 10 အောက်တိုဘာ 2013
us_gov_building_
Image caption အမေရိကန်အစိုးရ ဌာနတွေ ပြန်ဖွင့်ဖို့ နီးပြီလား

လာမယ့် အောက်တိုဘာလ ၁၇ ရက် ဆိုရင် အမေရိကန်မှာ အကြွေး အမြင့်ဆုံး ယူခွင့် သတ်မှတ်ချက်ကို ရောက်ပြီဖြစ်လို့ ဒီထက် ထပ်လို့ အစိုးရအနေနဲ့ အကြွေးယူလို့ မရတော့ပါဘူး။

အဲဒါကြောင့် ဒီသတ်မှတ်ချက်ကို တိုးမြှင့်ဖို့ လိုအပ်လာပါတယ်။

တကယ်လို့ အဲဒီ နေ့ ရောက်တဲ့အထိ ဘာမှ မလုပ်နိုင်ရင် အမေရိကန် အနေနဲ့ သမိုင်း တလျှောက်မှာ ပထမဆုံး အကြိမ် အစိုးရ ဘက်က သူတို့ယူထားတဲ့ အကြွေးတွေ နဲ့ အတိုးတွေကို ပြန်ပေးဆပ် နေတာကို ရပ်လိုက် ရတော့မှာပါ။

အဲဒီ အကြွေးယူခွင့် ပမာဏကို မတိုးနိုင်ခဲ့ရင် အမေရိကန် စီးပွားရေး သာမက ကမ္ဘာ့ စီးပွားရေး တွေ အပေါ်မှာပါ အကြီးအကျယ် ထိခိုက် နစ်နာ စေနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ရဲ့ အကြီးအကဲ ကလည်း သတိပေး ထားပါတယ်။

အခုတော့ ရီပတ်ပလစ်ကန် တွေဘက်က အကြွေး အမြင့်ဆုံး ယူနိုင်တဲ့ သတ်မှတ်ချက်ကို အချိန်တို တိုးမြှင့်ပေးဖို့ သမ္မတ အိုဘားမားကို ကမ်းလှမ်းလိုက်ပါတယ်။

ဒီလို ကမ်းလှမ်းတာကလည်း အမေရိကန် အစိုးရ ဌာန တချို့ ပိတ်ထားတာတွေ ပြန်ဖွင့်ဖို့ ဆွေးနွေး ဖို့ အတွက် အပေးအယူ သဘောမျိုး လုပ်လိုက်တာပဲ ဖြစ်ပါတယ်။

ရီပတ်ပလစ်ကန် တဦးဖြစ်တဲ့ အောက်လွှတ်တော် ဥက္ကဌ ဂျွန် ဘိုနာက အခုအချိန်မှာ ခေါင်းဆောင်မှု အရည်အသွေးကို ပြရတော့မယ့် ၊ ထိုင်ပြီး ဆွေးနွေး ရမယ့် အချိန်ရောက် နေပြီ ဆိုပြီး ပြောလိုက်ပါတယ်။

မစ္စတာ ဘိုနာရဲ့ ပြောခွင့်ရသူကတော့ အခုလို အကြွေးယူခွင့် ပမာဏ ထပ်တိုးဖို့ ကမ်းလှမ်းမှုရဲ့ နောက်ကွယ်မှာ ဘာအနှောင်အဖွဲ့မှ မပါဘူးလို့လည်း ပြောလိုက်ပါတယ်။

ဒါပေမယ့် ဒီကမ်းလှမ်းမှုက အချိန်တိုသာ ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာလ ၂၂ ရက် အထိ သတင်း ၆ ပတ်သာ သက်တမ်း ရှိမှာ ဖြစ်ပါတယ်။

အိမ်ဖြူတော် ဘက်ကတော့ ဒါနဲ့ ပတ်သက်လို့ ခေါင်းအေးအေးနဲ့ လုပ်တဲ့လူတွေ လွှတ်တော်မှာ အသာရ လာလို့ သမ္မတ က ကျေနပ်နေတယ်လို့ ပြောလိုက်ပါတယ်။ အိမ်ဖြူတော် ပြောခွင့်ရ ဂျေးကာနီ ကတော့ အခုဟာက ရီပတ်ပလစ်ကန်တွေ လုပ်ရမယ့် အလုပ်ကို လုပ်လိုက်တာပဲ ဖြစ်တယ် ။ ဒါနဲ့ ပတ်သက်လို့တော့ သမ္မတက အကျပ်ကိုင် ခံလိမ့်မှာ မဟုတ်ဘူးလို့လည်း ပြောလိုက်ပါတယ်။

သမ္မတ အိုဘားမား ကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က အိမ်ဖြူတော်မှာ ဒီမိုကရက် အမတ်တွေနဲ့ တွေ့ဆုံ စဉ်မှာ ဒီအမြင့်ဆုံး သတ်မှတ်ချက်ကို ၁၆.၆၉ ထရီလျံအထိ ကာလရှည် တိုးမြှင့်သွားဖို့ကို ပိုပြီး လိုလားတယ်လို့ ဆိုထားခဲ့ပါတယ်။

အခုလို အမြင့်ဆုံး အကြွေးယူခွင့် သတ်မှတ်ချက်ကို တိုးမြှင့်ပေးရေး ကိစ္စဟာ ပြေလည်ဖို့ နီးလာ တဲ့ သတင်းကြောင့် အမေရိကန် အစုရှယ်ယာ စျေးကွက် တွေမှာတော့ ၂ ရာခိုင်နှုန်း လောက် အတက် ပြကုန်တယ်လို့လည်း သိရပါတယ်။ အမေရိကန်က စျေးကွက် တွေသာမက ဥရောပ တလွှားက စတော့ စျေးကွက် တွေမှာလည်း စျေးပိတ်ချိန်မှာ အတက်ပြ ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ