အင်အားပြင်းဆိုင်ကလုန်း အိန္ဒိယကို ဝင်မယ်

  • 11 အောက်တိုဘာ 2013
Image caption ဂြိုဟ်တုက ရိုက်ယူထားတဲ့ အင်အားပြင်း ဆိုင်ကလုန်း ဖိုင်လင်း

အိန္ဒိယနိုင်ငံ အရှေ့ဘက် ကမ်းခြေကို မနက်ဖြန် စနေနေ့မှာ အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်း ဝင်ရောက်နိုင်တဲ့ အတွက် အိန္ဒိယ အာဏာပိုင် တွေဟာ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

ဖိုင်လင်း (Phailin) လို့ အမည်ပေးထားတဲ့ ဒီ ဆိုင်ကလုန်း မုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီကို ကီလိုမီတာ ၂၂၀ အထိ ရောက်ရှိနိုင်ပါတယ်။

အရှေ့ဘက်ကမ်းခြေဒေသ အော်ရီသနဲ့ အန်ဒရာပရာဒက်ရှ် ပြည်နယ်က လူပေါင်း ၁ သိန်းကျော်ကိုတော့ ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးထားပြီး ဖြစ်ပါတယ်။ အဲဒီဒေသတွေဟာ ဖိုင်လင်း ဆိုင်ကလုန်းဒဏ်ကို အများဆုံး ထိခိုက်ခံရဖွယ် ရှိတာကြောင့် ဖြစ်ပါတယ်။

တံငါတွေနဲ့ နိုင်ငံခြားသား ခရီးသည်တွေကိုလည်း ပင်လယ်ပြင်နဲ့ အဝေးမှာ ခွာနေကြဖို့ မှာကြားထားပြီး အိန္ဒိယ တပ်ဖွဲ့တွေကလည်း အကူအညီပေးဖို့ အသင့်အနေအထားမှာ ရှိနေပါတယ်။

အော်ရီသ ပြည်နယ်မှာ ၁၉၉၉ ခုနှစ်တုန်းက အင်းအာပြင်း ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၁ သောင်းခွဲ နီးပါး သေဆုံးခဲ့ရဖူးပါတယ်။

အခုတစ်ကြိမ်မှာတော့ အသေအချာ ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။