အစ္စရေး ၁ ဦးကို ပါလက်စတိုင်းတွေ ရိုက်သတ်

  • 11 အောက်တိုဘာ 2013
Image caption ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဂျူးအခြေချ အိမ်ယာအတွင်းက အသတ်ခံရတဲ့ အိမ်

အစ္စရေးတို့ သိမ်းယူထားတဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းက ဂျူး အခြေချ အိမ်ယာ အတွင်း ပါလက်စတိုင်းတို့ကနေ အစ္စရေး တစ်ဦးကို ရိုက်သတ်ခဲ့မှုနဲ့ အစ္စရေး လုံခြုံရေး တပ်ဖွဲ့တွေက ပါလက်စတိုင်း ၅ ဦးကို ဖမ်းဆီး ထိန်းသိမ်း ထားလိုက်ပါတယ်။

အသတ်ခံရသူ အစ္စရေး အမျိုးသားဟာ အစ္စရေး စစ်တပ်က အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦး ဖြစ်တယ်လို့ ယုံကြည်ရပြီး သူဟာ ဆူညံသံတွေ ကြားလို့ အိမ်အပြင် ထွက်ကြည့်ချိန်မှာ တိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။

သူနဲ့အတူ ထွက်ကြည့်တဲ့ အမျိုးသမီးကတော့ ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ဘက်စလုံးမှာ တိုက်ခိုက်မှုတွေ တိုးပွားလာနေရာမှာ အခု တိုက်ခိုက်မှုဟာ နောက်ဆုံးတွေ့ရတဲ့ ဖြစ်ရပ်ပါ။

ကြာသပတေးနေ့တုန်းကတော့ ဂျူး လူမျိုး တက်ကြွသူတွေဟာ ဗလီတစ်ခုရဲ့ နံရံမှာ ဆေးတွေနဲ့ ရေးခြစ်ခဲ့ပြီး ပါလက်စတိုင်း ရွာတစ်ရွာမှာ ကားတွေကို မီးတင်ရှို့ခဲ့ကြပါတယ်။

အဲဒီမတိုင်ခင် ရက်ပိုင်းကလည်း ဂျူးအိမ်ယာတွေဘက်မှာ မိန်းကလေးတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး ဒဏ်ရာ ရရှိသွားပါတယ်။