ဆီးရီးယားမှာICRC ဝန်ထမ်းတွေ ပြန်ပေးဆွဲခံခဲ့ရ

  • 14 အောက်တိုဘာ 2013
Image caption ပြန်ပေးဆွဲ ခံခဲ့ရတဲ့ နေရာပြ မြေပုံ

ဆီးရီးယား နိုင်ငံ အနောက်မြောက်ပိုင်းမှာ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ဝန်ထမ်းတွေ ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ICRC က ပြောပါတယ်။

သူတို့ ဝန်ထမ်းခြောက်ယောက်နဲ့ ဆီးရီးယား အာရပ် လခြမ်းနီ အဖွဲ့က ဒေသခံ ပရဟိတ ဝန်ထမ်း တယောက်ကို သေနတ်သမားတွေ က Idlib ပြည်နယ် Saraqeb မြို့နားမှာ ပြန်ပေးဆွဲ သွားတာ ဖြစ်တယ်လို့ ICRC ပြောခွင့်ရသူ က ဆိုပါတယ်။

ဒီပြန်ပေးဆွဲမှုဟာ ဘယ်သူ့လက်ချက်လဲ ဆိုတာ မသိရသေးပါဘူး။

ပြန်ပေးဆွဲခံလိုက်ရတဲ့ လူမှုကယ်ဆယ်ရေး လုပ်နေတဲ့ ဝန်ထမ်းတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အိုင်စီအာစီက ပန်ကြားထားပါတယ်။

နိုင်ငံပိုင် ရုပ်မြင်သံကြားကတော့ အစိုးရ ဆန့်ကျင်တဲ့ သူပုန်တွေကို မကြာခဏ သုံးနှုံး ခေါ်ဝေါ်လေ့ရှိတဲ့ အတိုင်း လက်နက်ကိုင် အကြမ်းဖက်သမားတွေရဲ့ လက်ချက်လို့ ဆိုပြီး အပြစ် ပုံချခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံ ဒမားစကပ်စ်မြို့လယ်မှာလည်း ဆင့်ကဲ ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ အစိုးရ သတင်းအေဂျင်စီက ပြောပါတယ်။

အသေခံ ဗုံးခွဲသမားတွေ မောင်းနှင်လာတဲ့ ကားနှစ်စင်းဟာ အစိုးရ သတင်း ထုတ်လွှင့်ရေး ဌာနချုပ်နား အရောက်မှာ ဖောက်ခွဲလိုက်တဲ့ အတွက် အဲဒီ အဆောက်အဦလည်း အနည်းငယ် ထိခိုက်သွားပါတယ်။

အနားက ဖြတ်သန်းသွားသူ တော်တော်များများလည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ အစိုးရ ရုပ်မြင်သံကြားက ပြောပါတယ်။