လူနင်းခံရလို့ လူ ၈၀ ကျော်သေဆုံး

  • 13 အောက်တိုဘာ 2013
Image caption ဘုရားဖူးသူများ လူနင်းခံရ သေဆုံးကြ

အိန္ဒိယ ဟိန္ဒူဘုရားပွဲတော်ကို လာကြတဲ့လူတွေ လူနင်းမိပြီး လူ ၈၀ ကျော် သေဆုံးခဲ့ပါတယ်။

မဒရာ ပရာဒက်ရှ် မှာရှိတဲ့ ဟိန္ဒူ ဘုရား ကျောင်း တကျောင်း ဆီ သွားရာ ကျဉ်းမြောင်းတဲ့ တံတားလေး ပေါ်မှာ ဘုရား ဖူးလာတဲ့ ထောင်သောင်းချီ ပရိသတ်တွေ စုပြုံ တိုးဝှေ့ ကြရာကနေ လူနင်းမိပြီး သေဆုံးခဲ့ကြတာဖြစ်ပါတယ်။

လူနင်းမိပြီး သေဆုံးကြသူတွေ အပြင် တံတားအောက် မြစ်ထဲခုန်ချပြီး ရေနစ်သေဆုံးကြသူတွေလည်း ရှိပါတယ်။ မသေဘဲ ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ ဒေသခံအရာရှိ တယောက်ကပြောပြီး အရေးပေါ်ကယ်ဆယ်ရေး သမားတွေက လည်း မြစ်ထဲမှာ အလောင်းတွေ လိုက်လံ ရှာဖွေနေတယ်လို့ ဆိုပါတယ်။

အခုလို လူနင်းမိတဲ့ အဖြစ်အပျက် ဖြစ်ပွားရတာဟာ လူတွေ ကြိတ်ကြိတ်တိုးနေချိန်မှာ တံတားကျိုးကျတော့မယ်လို့ လူအုပ်ထဲကနေ ကောလဟလ ပျံ့လွင့်လာပြီး ဝရုန်းသုန်းကားဖြစ်ရာကနေ စတင်တာလို့ ရဲက ဆိုပါတယ်။

ဒါပေမဲ့ သတင်းစာတွေထဲမှာတော့ ရဲအဖွဲ့က ကြိတ်ကြိတ်တိုးစည်ကား နေတဲ့ လူအုပ်ကြီးကို နံပါတ်တုတ်နဲ့ ရိုက်နှက် ထိန်းသိမ်းရာကနေ စတင်တယ်လို့ ရေးသားနေကြပါတယ်။