အီရန် အနုမြူအရေး အားတက်ဖွယ် တွေ့

  • 15 အောက်တိုဘာ 2013
Image caption အီးယူ နိုင်ငံခြားရေး ပေါ်လစီ အကြီးအကဲ (ဝဲ) အီရန် နိုင်ငံခြားရေးဝန်ကြီး (ယာ)

အီရန် သမ္မတသစ် ဟတ်ဆန် ရိုဟာနီ လက်ထက်မှာ ပထမဆုံး ကျင်းပတဲ့ အဏုမြူ အရေး ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေနဲ့ ဆွေးနွေးပွဲ အစမှာပဲ အားတက်စရာတွေ တွေ့ရတယ်လို့ အီရန်ဘက်က ပြောကြားခဲ့ ပါတယ်။

အဏုမြူအရေး ဘယ်လို ရှေ့ဆက်သွားမလဲ ဆွေးနွေး ပွဲမှာ အီရန်ရဲ့ တင်ပြချက်ကို တုံ့ပြန်မှု ကောင်းကောင်း ရခဲ့ကြောင်း အီရန် အဖွဲ့ကို ခေါင်းဆောင်လာတဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Abbas Araqchi က ပြောဆိုပါတယ်။

အီရန် ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ ဒီဆွေးနွေးပွဲကနေ ရလဒ် တိတိကျကျ ရဖို့ အလေးအနက်ထားပြီး လာခဲ့တာ ဖြစ်တယ်လို့ မစ္စတာ Araqchi က ပြောဆိုပါတယ်။

ဂျနီဗာ ဆွေးနွေးပွဲကို တက်လာတဲ့ ဥရောပ သမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ အီရန်အနေနဲ့ အနုမြူအရေး ဖြေရှင်းဖို့အတွက် တိကျတဲ့ အစီအမံကို တင်ပြဖို့ လိုတယ်လို့ ဘီဘီစီကို ပြောပါတယ်။

သဘောထား အလယ်အလတ်ကျတဲ့ မစ္စတာ ရိုဟာနီ အီရန်မှာ တက်လာပြီး နောက်ပိုင်း ကာလရှည်ကြာ တင်းမာနေခဲ့တဲ့ အီရန်ရဲ့ အဏုမြူ အစီစဉ်ကို ဖြေရှင်းနိုင်ဖို့ ရောင်ခြည်သန်းလာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ