ကွန်ဂရက်လွှတ်တော် အမတ်တွေရဲ့ ညှိနှိုင်းမှု တိုးတက်

  • 15 အောက်တိုဘာ 2013
Image caption အထက်လွှတ်တော်အမတ်တွေ ညှိနှိုင်းဖို့ အချိန် ပိုပေးတဲ့ အနေနဲ့ အိုဘားမားနဲ့ အမတ်တွေရဲ့ အစည်းအဝေး ရွှေ့ဆိုင်း

အမေရိကန် အထက်လွှတ်တော်က ဒီမိုကရက်အမတ် Harry Reid က အမေရိကန်အစိုးရ ကြွေးမြီ ပြဿနာနဲ့ အစိုးရ ဝန်ဆောင်မှု လုပ်ငန်းတွေ ရပ်ဆိုင်းထားရမှု ကိစ္စတွေ အကြောင်း ညှိနှိုင်း ပြောဆိုမှုတွေမှာ အကြီးအကျယ် တိုးတက် ဖြစ်ထွန်းမှု ရှိခဲ့တယ် လို့ ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

ရီပတ်ဘလီကန် အထက်လွှတ်တော် အမတ် Mitch Connell ကလည်း အဆင်ပြေ ချောမွေ့တဲ့ ဆွေးနွေးပွဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း နောက်ထပ် ဆောင်ရွက်စရာတွေ အများကြီး ရှိသေးတယ် ဆိုတာကိုတော့ နှစ်ဦးစလုံးက အသိအမှတ်ပြု ပြောသွားပါတယ်။

အစောပိုင်းက သမ္မတ အိုဘားမားနဲ့ ကွန်ဂရက် လွှတ်တော်အမတ်တွေ အကြား တွေ့ဆုံဖို့ အစီအစဉ်ကိုတော့ အထက်လွှတ်တော် အမတ်တွေအကြား ညှိနှိုင်းဖို့ အချိန်ပိုပေးတဲ့ အနေနဲ့ ရွှေ့ဆိုင်းလိုက်ပါတယ်။

တခြား ဘတ်ဂျက် ကိစ္စတွေ အကြောင်း ဆွေးနွေး ညှိနှိုင်းမှုတွေ မလုပ်ခင် ချေးယူနိုင်မယ့် ကြွေးမြီ ပမာဏ မြှင့်တင်ဖို့နဲ့ အစိုးရ ဝန်ဆောင်မှု လုပ်ငန်းတွေ ပြန်စဖို့တွေကို သမ္မတ အိုဘားမားက ကွန်ဂရက် လွှတ်တော်ကို အခိုင်အမာ ပြောဖို့ ရှိတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။