လုံခြုံရေး ကောင်စီ အဖွဲ့ဝင် အဖြစ် လက်ခံရယူဖို့ ဆော်ဒီကို အာရပ် နိုင်ငံတွေ ပန်ကြား

  • 20 အောက်တိုဘာ 2013
Image caption UN လုံခြုံရေး ကောင်စီ အစည်းအဝေး ကျင်းပ

ဆော်ဒီ အာရေဗျ ဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှာ အဖွဲ့ဝင် တဦး အဖြစ် ခန့်အပ်ခံရတာကို လက်ခံရယူဖို့ အာရပ် နိုင်ငံ တွေက တိုက်တွန်း ပန်ကြား လိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံ တနိုင်အဖြစ် ကမ်းလှမ်းချက်ကို ဆော်ဒီ အာရေဗျက ငြင်းပယ်ကြောင်း ကြေညာပြီး တရက် အကြာမှာ အခုလို ပန်ကြားချက် ထွက်လာတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ကြီးဟာ ဘက်လိုက်တယ်လို့ ဆော်ဒီက စွပ်စွဲ ပြောကြားလိုက်ပြီး ဆီးရီးယား ကိစ္စနဲ့ ပတ်သက်လို့ အရေးယူ ဆောင်ရွက်မှုတွေ ပျက်ကွက် ခဲ့တဲ့ အပေါ် စိတ်ပျက် မိတယ် ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂမှာ အာရပ်နဲ့ အစ္စလာမ် အရေး ကိစ္စတွေကို ကာကွယ် ဆောင်ရွက်နိုင်ဖို့ အရင်ချထားတဲ့ ဆော်ဒီရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းဖို့ အာရပ် တိုင်းပြည်တွေက သံအမတ်တွေ ပါတဲ့ အဖွဲ့တဖွဲ့က ပန်ကြားလွှာ တခု ထုတ်ပြန် ခဲ့ပါတယ်။