စစ်စလီကျွန်း အရေးပေါ်အခြေအနေ ကြေညာ

  • 16 အောက်တိုဘာ 2013
Image caption လှေမှောက်သေဆုံးတဲ့ မိသားစုတွေအတွက် ကြေကွဲနေကြတဲ့ ဒုက္ခသည်တွေ

အီတလီနိုင်ငံက စစ်စလီကျွန်းကို ခိုလှုံဖို့ ဝင်ရောက်လာသူတွေ များလွန်းတဲ့အတွက် ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်နိုင်အောင် ကျွန်းအုပ်ချုပ်ရေးမှုးက အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။

အခုလို အရေးပေါ်အခြေအနေပြဌာန်းခဲ့တာကြောင့် အီတလီမှာရှိတဲ့ အမျိုးသားအရပ်ဘက် အကာအကွယ်ပေးရေး ဌာနအနေနဲ့ အခုဝင်လာတဲ့ လူတွေကို ထိထိရောက် ရောက် ကူညီ စောင့်ရှောက် ပေးနိုင်တော့မှာ ဖြစ်သလို ကယ်ဆယ် ကူညီသူတွေကိုလည်း ရံပုံငွေ ထောက်ပံ့ ပေးနိုင်မယ်လို့ အီတလီနိုင်ငံ ရောမမြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ဒေးဗစ် ဝီလီက ပြောပါတယ်။

အင်္ဂါနေ့က လစ်ဗျားနဲ့ စစ်စလီကျွန်းကြား ရေပြင်မှာ လှေကြီး ၃ စင်းနဲ့ ဝင်လာတဲ့ လူပေါင်း ၃၇၀ ကို ကယ်ဆယ်ခဲ့ရတယ်လို့ အီတလီ အရာရှိတွေက ပြောပါတယ်။ အဲဒီလူတွေကို လန်ပီဒူဆာကျွန်းကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

လှေပေါ်မှာ လူတွေ အဆမတန် တင်ဆောင်လာတာကြောင့် လှေမှောက်ပြီး လူတွေ ရာနဲ့ ချီ သေဆုံးမှုတွေ ရှိခဲ့တဲ့ အတွက် အီတလီ ကမ်းခြေစောင့် တပ်က ပိုပြီး ကင်းလှည့်နေတယ်လို့ ကြေညာခဲ့ပြီး တရက်အကြာမှာ အခုလို လူတွေကို ထပ်ပြီး ကယ်ခဲ့ရတာပါ။

သောကြာနေ့က မော်လတာနဲ့ လမ်ပဒူဆာကျွန်းကြား လှေမှောက်လို့ လူ ၃၃ ဦးထက်မနည်းသေဆုံးခဲ့သလို ပြီးခဲ့တဲ့ သီတင်းပတ်ကလဲ လမ်ပ ဒူဆာကျွန်း ကမ်းလွန်ပင်လယ်ပြင်မှာ သင်္ဘောပျက်ပြီး လူ ၃၅၀ သေခဲ့ပါတယ်။ ဒါဟာ လောလောဆယ် နှစ်တွေအတွင် လူ အများဆုံးသေတဲ့ သင်္ဘောပျက်မှု ဖြစ်ပါတယ်။

နှစ်စဉ်ထောင်နဲ့ချီ ရောက်လာတဲ့ ဒုက္ခသည်တွေကို ကူညီနိုင်ရေး ဥရောပသမဂ္ဂက အထောက်အပံပေးဖို့ အီတလီနိုင်ငံက အရင်ကတည်းက တောင်းခံနေခဲ့တာပါ။

အခုလို အီတလီက ကျွန်းတွေကို လှေသင်္ဘောတွေနဲ့ ရောက်လာသူ အများအပြားဟာ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ဖြစ်ပြီး သူတို့ဟာ စစ်ဘေးဒဏ်ကြောင့် နဲ့ ဆင်းရဲ နွမ်းပါးမှုကြောင့် ပြေးလာကြသူတွေ ဖြစ်ပါတယ်။

ဒီနှစ်အတွင်း ရေလမ်းကနေ အီတလီနိုင်ငံကို အခုလို ဝင်ရောက်လာသူ ၃ သောင်း၅ ထောင်ကျော်ရှိနေပြီး အဲဒီထဲက ရာခိုင်နှုန်း ရ၀ ကျော်ဟာ တရားဥပဒေနဲ့ အညီ ခိုလှုံခွင့်ရနိုင်သူတွေ ဖြစ်တယ်လို့ အီတလီ ပြည်ထဲရေးဝန်ကြီးက အင်္ဂါနေ့က ပြောပါတယ်။

ဝင်လာသူအများစုဟာ ဆီရီးယား၊အီရီထရီယား၊ ဆိုမာလီနိုင်ငံတွေက ဖြစ်ပြီး သူတို့ဟာ လစ်ဗျားနဲ့ အီဂျစ်နိုင်ငံတွေက တဆင့် လှေ သင်္ဘောတွေနဲ့ အီတလီနိုင်ငံက ကျွန်းတွေဆီကို လာခဲ့ကြတာ ဖြစ်ပါတယ်။

အီတလီအစိုးရကတော့ ကမ်းခြေစောင့် တပ်နဲ့ နယ်စပ်ကင်လှည့် သင်္ဘောတွေအပြင် ရေတပ်သင်္ဘာ ၃ စီး၊ ရဟတ်ယဉ် ၄ စီးနဲ့ သင်္ဘောပျက် လှေမှောက်သူတွေကို ကယ်ဆယ်နိုင်ဖို့ ကင်းလှည့်နေတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ