အမေရိကန် ဘတ်ဂျက်ကိစ္စ သဘောတူညီမှုရ

  • 16 အောက်တိုဘာ 2013
Image caption အမေရိကန် ဘတ်ဂျက် အကျပ်အတည်း

အမေရိကန် အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းပြီး ငွေချေးနိုင်တဲ့ ပမာဏ တိုးမြှင့်ရေး အခက်ကြုံ နေတာတွေ အဆုံးသတ် မယ့် သဘောတူညီမှု ကို ဆီးနိတ် လွှတ်တော် Democrat နဲ့ Republican အမတ်တွေ ရရှိပြီး မဲခွဲ အတည်ပြု ခဲ့ကြပါတယ်။

အခု သဘောတူညီချက် အရ အိုဘားမား အစိုးရ နောက်နှစ် ဇန်နဝါရီ ၁၅ ရက်အထိ လည်ပတ်နိုင်တဲ့ အသုံးစရိတ် ရမှာ ဖြစ်ပြီး ငွေ ပိုချေးနိုင်မယ့် ကာလကိုလည်း နောက်နှစ် ဖေဖော်ဝါရီ အထိ တိုးပေးမှာ ဖြစ်ပါတယ်။

သဘောတူညီချက်ပါ နောက်တချက် ကတော့ လွှတ်တော် ၂ ရပ်က ပါတီ ၂ ခုလုံးက စေ့စပ် ညှိနှိုင်းသူတွေ ပါတဲ့ ဘတ်ဂျက် ကော်မီတီက ရှေရည် အသုံးစရိတ်နဲ့ အခွန် အစီအစဉ်ကို ဒီဇင်ဘာ ၁၃ ရက် မတိုင်ခင် သဘောတူညီမှု ရအောင် လုပ်ဖို့ ဖြစ်ပါတယ်။

ဆီးနိတ်က မဲခွဲ အတည်ပြုခဲ့ပြီး ဖြစ်တဲ့ ဒီဥပဒေကြမ်းကို ကွန်ဂရက်က အတည်ပြု ပြီးရင် သမ္မတက လက်မှတ် ထိုးရမှာ ဖြစ်ပါတယ်။

အခုလို ဆီးနိတ် ပါတီ ၂ ရပ် ခေါင်းဆောင်တွေ သဘော တူညီမှုဟာ အစိုးရ လုပ်ငန်းတွေ ပြန်လည်ပတ် နိုင်စေမှာ ဖြစ်သလို့ အမေရိကန် စီးပွားရေး ပျက်ကိန်း ကြုံရမယ့် အန္တရာယ်ကို ဖယ်ရှား နိုင်ခဲ့တယ်လို့ သမ္မတ အိုဘားမားက ယူဆပါတယ်။

ဆီးနိတ်က လူများစု ဒီမိုကရက်ခေါင်းဆောင် ဟယ်ရီရိဒ် နဲ့ လူနည်းစု ရီပတ် ဘလစ်ကန် ခေါင်းဆောင် မစ်ချ် မကော်နယ်လ် တို့ အခုလို သဘောတူညီမှု ရအောင် လက်တွဲဆောင်ရွက် ခဲ့ကြလို့ သူက ချီးကျူးခဲ့ပါတယ်။

လက်ရှိ အကျပ်အတည်း အဆုံးသတ်ပြီး အမေရိကန် စီးပွားရေး အပေါ် နိုင်ငံတကာ ယုံကြည်မှု ပြန်ရအောင် ကွန်ဂရက် အနေနဲ့ အမြန် အရေးယူ ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်း အိမ်ဖြူတော် က ပြောပါတယ်။

သမ္မတ အနေနဲ့ အခုသဘောတူညီချက် ရအောင် ဘာတွေ အလျော့ပေးခဲ့ရသလဲလို့ သတင်းထောက် တွေက မေးရာမှာတော့ သမ္မတဟာ ဘယ်ပါတီကိုမှ နိုင်ငံရေး အလျော့ပေးဖို့ ဆန္ဒ မရှိကြောင်း၊ အခု ဖြစ်ရပ်မှာ နိုင်သူမရှိဘဲ အမေရိကန် စီးပွားရေး အထိနာခဲ့လို့ အမေရိကန် ပြည်သူတွေပဲ ပေးဆပ် ကြရ တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူက ပြောကြားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ