ကန် ဘတ်ဂျက် သဘောတူညီမှု ကမ္ဘာက ကြိုဆို

  • 17 အောက်တိုဘာ 2013
Image caption ရပ်နားထားရတဲ့ အစိုးရ ဝန်ထမ်းတွေ ဆန္ဒပြစဉ်

အမေရိကန် ပြည်ထောင်စုမှာ ဘတ်ဂျက် ကိစ္စ သဘောတူညီမှု ရသွားခဲ့ပြီး အကြွေးမဆပ် နိုင်ဘဲ အကျပ်ရိုက်မယ့် အခြေအနေကနေ လွတ်မြောက်သွားတဲ့ အတွက် ကမ္ဘာတလွှားက ကြိုဆိုခဲ့ကြပါတယ်။

သီတင်းပတ်ပေါင်းများစွာ ဆွေးနွေး အငြင်းအခုန်တွေ ဖြစ်ခဲ့ပြီးတဲ့နောက် ရပ်ဆိုင်းထားခဲ့ရတဲ့ အစိုးရ ဌာန တချို့ ပြန်လည်ပတ်နိုင်စေဖို့ နဲ့ ကွန်ကရက်က သတ်မှတ်ထားတဲ့ အစိုးရရဲ့ အကြွေးယူနိုင်တဲ့ ပမာဏ ကန့်သတ်ချက်ကို တိုးမြှင့်ပေးဖို့ ကိစ္စတွေကို အမေရိကန် နိုင်ငံရေးသမားတွေ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို သဘောတူညီမှု ရခဲ့တာနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားက ဒီလို အခြေအနေအထိ ရောက်လာနိုင်တာကိုဘဲ နှစ်ဖက် ပါတီ ခေါင်းဆောင်တွေကို ကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်။

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ အကြီးအကဲ ခရစ်စတင်းလဂါး ကတော့ အမေရိကန်ရဲ့ ဘဏ္ဍာရေး ဆိုင်ရာ စီမံခန့်ခွဲမှုကြောင့် မတည်မငြိမ် ဖြစ်စေတာတွေကို လျှော့ချပေးဖို့ ပန်ကြားလိုက်ပါတယ်။

ဒါပေမယ့် အခုရတဲ့ သဘောတူညီချက်တွေဟာ လာမယ့် နှစ် အထိသာ အသက်ဝင်တဲ့ ယာယီ အစီအမံတွေ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ