မီးကျွမ်း ၂လောင်း သေနတ်သမားတွေ ဖြစ်နိုင်

  • 18 အောက်တိုဘာ 2013
Image caption သေနတ်သမားတွေထဲက နော်ဝေသားတစ်ယောက်ကို ဘီဘီစီ သတင်းထောက်တစ်ဦးက ထုတ်ဖော်

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီက ဝက်စ်ဂိတ် ကုန်တိုက်မှာ ရှာဖွေတွေ့ရှိရတဲ့ မီးလောင်ကျွမ်း နေတဲ့ အလောင်း ၂ လောင်းဟာ ပြီးခဲ့တဲ့လက ကုန်တိုက်ကို တိုက်ခိုက်ခဲ့သူတွေထဲက သေနတ် သမားတွေ ဖြစ်ဖို့များတယ်လို့ ကင်ညာ ပါလီမန် အမတ်တဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီတုန်းက တိုက်ခိုက်မှုအတွင်း လူပေါင်း ၆၇ ဦး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်ဂိတ်ကုန်တိုက် တိုက်ခိုက်မှု စုံစမ်းစစ်ဆေးရေး ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ပါလီမန်အမတ်က ပြောရာမှာ ဒီအလောင်း ၂ လောင်းရဲ့ အနီးမှာ အေကေ ၄၇ သေနတ်တွေလည်း တွေ့တယ်လို့ ဆိုပါတယ်။

ကုန်တိုက် အစီးခံရတုန်းက စီစီတီဗီ လုံခြုံရေး ကင်မရာကနေ တွေ့ရတာကတော့ သေနတ်သမား ၄ ယောက်သာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရကတော့ သေနတ်သမား ၁၅ ယောက်အထိ ရှိနိုင်တယ်လို့ ပြောပါတယ်။

တိုက်ခိုက်မှုတွေ လုပ်ခဲ့သူလို့ ယူဆရသူတွေထဲက တစ်ဦးဟာ အသက် ၂၃နှစ် အရွယ် နော်ဝေ နိုင်ငံသား ဖြစ်ကြောင်း ဘီဘီစီကနေ စုံစမ်း ထုတ်ဖော် သိရှိရပါတယ်။