အီရတ်မှာ တရက်ထဲ သုံးနေရာ ဖောက်ခွဲ တိုက်ခိုက်မှုဖြစ်

  • 21 အောက်တိုဘာ 2013
Baghdad မြို့က ဖောက်ခွဲမှု အပြီး တွေ့ရပုံ

အီရတ်နိုင်ငံတွင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်လက် ပိုမို ပြင်းထန်လာနေပါတယ်။

ဘဂ္ဂဒက် မြို့တော်တွင်းက ကော်ဖီဆိုင်မှာ အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၇ ဦး သေဆုံးခဲ့ပြီး လူ ၄၀ ကျော်လည်း ဒဏ်ရာရခဲ့ပါတယ်။

ဒီနေရာဟာ ရှီးယားမွတ်ဆလင်တွေ အများစု နေတဲ့ ရပ်ကွက် ဖြစ်ပြီး အစောပိုင်းကတော့ ဘဂ္ဂဒက်မြို့တော် အနောက်မြောက်ဘက်က ရာဝါမြို့က အသေခံဗုံးဖောက်ခွဲ တိုက်ခိုက်မှုမှာ လူ ငါးဦးထက် မနည်းသေဆုံးခဲ့သလို ဆမ်မာရာမြို့မှာလည်း အလားတူ တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

တိုက်ခိုက်မှု အများစုဟာ အယ်ကိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ ဆွန်နီမွတ်ဆလင် သူပုန်တွေရဲ့ လက်ချက် ဖြစ်တယ်လို့ သိရပါတယ်။

အီရတ်နိုင်ငံမှာ လတ်တလော အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ပိုများလာပြီး ဒီနှစ်အတွင်းမှာကိုပဲ လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ လေးငါးနှစ်အတွင်း အရေအတွက် အများဆုံး သေဆုံးရမှု ဖြစ်ပါတယ်။

အီရတ် နိုင်ငံမှာ အစိုးရရဲ့ ချုပ်ကိုင်မှု အားနည်းနေပြီး အစိုးရ အဖွဲ့ တွင်းမှာလည်း သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။

ရှီးယားမွတ်ဆလင်တွေ ဦးဆောင်တဲ့ အစိုးရဟာ နိုင်ငံတွင်း ဆွန်နီ မွတ်ဆလင် လူနည်းစုတွေရဲ့ မကျေနပ်မှုတွေကို မဖြေရှင်းပေး နိုင်တဲ့အတွက် ဒီလို တိုက်ခိုက်မှုတွေ ပိုများလာတာလို့ သတင်းထောက်တွေက ပြောကြပါတယ်။

ဆွန်နီတွေဟာ အစိုးရအလုပ်တွေ သိပ်မရသလို အဆင့်မြင့် ရာထူးတွေလည်း မရကြဘူးလို့ ပြောပါတယ်။

တဘက်မှာလည်း အစိုးရစစ်တပ်မှာ လက်နက် အင်အားကလည်း နည်းနေသလို အိမ်နီးချင်း ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ်ကလည်း ဒေသတွင်းရှိ မတူညီတဲ့ လူမျိုးရေး ဘာသာရေး အုပ်စုတွေကြားက ပဋိပက္ခကို မီးလောင်ရာ လေပင့်သလို ဖြစ်နေတယ်လို့ အကဲခတ်တွေက ပြောနေကြပါတယ်။