မွန်ရိုး ပလပ်စတစ် ဆာဂျရီ လုပ်ပြီး မျက်နှာပြင်ခဲ့

  • 21 အောက်တိုဘာ 2013
Image caption ဟောလီဝုဒ် မင်းသမီးချော မယ်ရီလင် မွန်ရိုး

၁၉၅၀ ပြည့်လွန်နှစ်တွေ တုန်းက လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ မင်းသမီးချော မယ်ရီလင် မွန်ရိုးဟာ ပလပ်စတစ် ဆာဂျရီ လုပ်ပြီး မျက်နှာကို ပြုပြင်ခဲ့တယ် ဆိုတာကို အခု တွေ့ရှိရတဲ့ သူ့ရဲ့ ဆေးမှတ်တမ်းတွေက သက်သေခံနေပါတယ်။

သိပ်လှတယ်လို့ လူတိုင်းက ပြောရလောက်တဲ့ မယ်ရီလင် မွန်ရိုးရဲ့ မျက်နှာဟာ သဘာ၀ အတိုင်းဘဲလို့ ထင်ရပေမယ့် တကယ်တော့ ခွဲစိတ် ပြုပြင်ထားတာ ဖြစ်တယ် ဆိုတာကို x-ray ဓါတ်မှန် ခြောက်ချပ် က ညွှန်ပြ နေပါတယ်။

အဲဒီဓါတ်မှန် တွေကို မိုက်ကယ်ဂါဒင် ဆိုတဲ့ ဟောလီးဝုဒ် ပလပ်စတစ် ဆာဂျရီ ဆရာဝန်က အမည်မသိရတဲ့ လူတဦးဆီ ပေးခဲ့ပြီး အခုတော့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ နို၀င်ဘာလ ကျရင် လေလံတင် စျေးပြိုင် ရောင်းချဖို့ လုပ်နေပါတယ်။

ပြင်ထားတဲ့ သူ့ရဲ့ မေးရိုးဟာပြန်ပြီး ပုံပျက်လာတယ်ဆိုပြီး ဆရာ၀န်ကို ပြောခဲ့တာကို ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက သူ့ရဲ့ ဆေးမှတ်တမ်းတွေမှာ တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် သူ့ရဲ့ နှာခေါင်းကို ခွဲစိတ်ပြုပြင်ခဲ့တဲ့မှတ်တမ်းကိုလည်း တွေ့ရပါတယ်။

လှချင်တဲ့ အမျိုးသမီးတွေ ပလပ်စတစ် ဆာဂျရီ လုပ်ပြီး မျက်နှာကအစ ကိုယ်လက်အင်္ဂါ တွေကိုအမျိုးမျိုး ပြုပြင်ကြတာ ဒီခေတ်မှာ မဆန်းပေမယ့် မယ်ရီလင် မွန်ရိုးတို့ရဲ့ခေတ် ၁၉၅၀ ပြည့်လွန်နှစ်တွေ တုန်းကတော့ တော်တော် ရှားရှားပါးပါး ဖြစ်ပါတယ်။

မယ်ရီလင်မွန်ရိုးဟာ ပလပ်စတစ် ဆာဂျရီနည်းကို သုံးခဲ့တယ်လို့ ဘယ်သူမှ မထင်ခဲ့ကြကြောင်းနဲ့ သူတကယ်ဘဲ အဲဒီလို လုပ်ခဲ့တာ ဟုတ်မဟုတ် ဆိုတာကို ခန့်မှန်းပြီးသာ ပြောခဲ့ကြပါတယ်လို့ Julian’s Auction လေလံကုမ္ပဏီက Martin Nolan က ပြောပါတယ်။

သူဟာ သဘာ၀အတိုင်းလှတဲ့သူလို့ သတ်မှတ်ထားပြီး ခွဲစိတ်ပြုပြင်တယ်ဆိုတာကို ဘယ်သူမှ မယုံချင်ကြဘဲ ၊ ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက ပလပ်စတစ် ဆာဂျရီနည်းပညာ ဟာ အတော်ကို အသစ်အဆန်း ဖြစ်နေတဲ့ အချိန်ပါလို့ မာတင် နိုလန်က ဆိုပါတယ်။

ဒါပေမယ့် မာရီလင်မွန်ရိုးကတော့ နောက်ဆုံးပေါ် နည်းပညာတွေကို သုံးနိုင် တာပေါ့လို့ Martin Nolan က ရှင်းပြခဲ့ပါတယ်။

အဲဒီဓါတ်မှန်တွေကို မွန်ရိုးမကွယ်လွန်ခင် ၂ လအလို ၁၉၆၂ ခု၊ ဇွန်လ တုန်းကရိုက်ထားတာ ဖြစ်ပြီး Joan Newman ဆိုတဲ့ နာမည်နဲ့ သူ့ရဲ့ဆေးမှတ်တမ်းကို ဖိုင်ဖွင့်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ x-ray တွေကို နို၀င်ဘာလကျရင် ဘယ်ဗာလီဟေးလ်မှာ လေလံတင်တဲ့အခါ ဒေါ်လာ ၂ သောင်းနဲ့ ၃ သောင်းကြားပေးပြီး ဝယ်လိမ့်မယ် လို့ ခန့်မှန်းထားပါတယ်။

သူ့ရဲ့ရင်ဘတ်ကို ရိုက်ထားတဲ့ ဓါတ်မှန်ကို လွန်ခဲ့တဲ့သုံးနှစ်တုန်းက လေလံတင်ခဲ့ တုန်းက ဒေါ်လာလေးသောင်းခွဲ အထိ ရခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ