လူခေါင်းဖြတ်တဲ့ ပုံတွေ ဖေ့စ်ဘွတ်ခ် ပိတ်ထားရာက ပြန်တင်ခွင့်ပြု

  • 22 အောက်တိုဘာ 2013
Image caption လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် ရဲ့ တံဆိပ်

လူမှု ကွန်ယက် ဝက်ဘ်ဆိုက် ဖေ့စ်ဘွတ်ခ်ဟာ ပြီးခဲ့တဲ့ မေလတုန်းက ယာယီ တားမြစ်ပိတ်ပင်ခဲ့တဲ့ လူခေါင်းဖြတ်တဲ့ ပုံတွေ အပါအဝင် ကြမ်းတမ်းတဲ့ မမြင်ဖွယ် ပုံတွေကို အွန်လိုင်း ဗီဒီယို အဖြစ် ပြန်တင်ခွင့် ပြုလိုက်ပါတယ်။

အဲဒီလို တင်ခွင့်ပြုတာဟာ ဒီလုပ်ရပ်ကို ရှုတ်ချဖို့ ဖြစ်တယ် ၊ ဒါမျိုးတွေကို ချီးမွှမ်း ထောပနာ ပြုဖို့ မဟုတ်ဘူးလို့ ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။

အဲဒီလို ကြည့်ရှုဖို့ မတင့်တယ်တဲ့ ကြမ်းတမ်းတဲ့ ပုံတွေမှာ သတိပေးချက် ထည့်ရင်ကောင်းမလား ဆိုတာကို စဉ်းစားနေတယ်လို့လည်း သူတို့က ဆိုပါတယ်။

ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု တားမြစ်ရေး ပရဟိတ အဖွဲ့တွေနဲ့ အွန်လိုင်း လုံခြုံရေး အဖွဲ့တွေက ဝေဖန် ပြောဆိုမှု ထွက်လာခဲ့ပြီးတဲ့နောက် ဖေ့စ်ဘွတ်ခ် အခုလို သတိပေးချက် ထည့်သွင်းဖို့ စဉ်းစားချက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Childnet International ပရဟိတ အဖွဲ့ကြီးကတော့ ဒီဗီဒီယို ရုပ်ပုံတွေက ကြမ်းတမ်းပြီး လူတွေ မြင်ကွင်းပေါ် ရောက်မလာသင့်ဘူးလို့ ဆိုပါတယ်။