မလေးရှားမှာ ဘုရားသခင်ကို အလ္လာ နာမယ် တပ်ပြီး ဝန်ကြီးချုပ်က ဆက်ခေါ်ခွင့်ပြု

  • 22 အောက်တိုဘာ 2013
Image caption မလေးရှား ဝန်ကြီးချုပ် Najib Razak (အလယ်က မျက်မှန်နဲ့)

မလေးရှား နိုင်ငံ အရှေ့ပိုင်းက Sabah နဲ့ Sarawak ပြည်နယ်တွေက ခရစ်ယာန်တွေဟာ တရားရုံးက တားမြစ်ထားပေမယ့် သူတို့ ဘုရားသခင်ကို အလ္လာ နာမည် တပ်ပြီး ဆက်လက် သုံးစွဲ ခေါ်ဝေါ် နိုင်တယ်လို့ ဝန်ကြီးချုပ် Najib Razak က ပြောပါတယ်။

မွတ်ဆလင် မဟုတ်သူတွေ ဒီစကားလုံး သုံးခွင့် မရှိဘူး ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တရားရုံးက အမိန့်ချမှတ်ခဲ့ပြီးတဲ့နောက် မစ္စတာ နာဂျစ်က အခုလို ပထမဆုံး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ခရစ်ယာန် သမ္မာ ကျမ်းစာမှာ ဖော်ပြထားတဲ့ အတိုင်း အလ္လာ စကားလုံးကို Catholic Herald သတင်းစာမှာ သုံးစွဲ ဖော်ပြခွင့် မရှိဘူးဆိုပြီး ပြဿနာ စ ဖြစ်ခဲ့ပေမယ့် ဆက်လက် ခေါ်ဝေါ် သုံးစွဲကြပါလို့ သူက ပြောပါတယ်။

အစ္စလာမ် ဘာသာကနေ လူတွေ ကူးပြောင်းလာအောင် တွန်းအားပေးဖို့ ခရစ်ယာန်တွေက အလ္လာ ဆိုတဲ့ စကားလုံးကို သုံးတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ တချို့ မွတ်ဆလင် အဖွဲ့တွေက ပြောနေပါတယ်။

အာရပ် စကားလုံး အလ္လာကို သူတို့ ကျမ်းစာနဲ့ စာအုပ်တွေမှာ ဖော်ပြထားတဲ့ အတိုင်း မလေးစကားပြော ခရစ်ယာန်တွေက အရှေ့အလယ်ပိုင်းက ခရစ်ယာန်တွေ နည်းတူ မလေးရှား နိုင်ငံမှာ အမြဲ သုံးခဲ့ကြတာပါလို့ ဆိုပါတယ်။