ဆီးရီးယားကို မတိုက်လို့ ဆော်ဒီ မကျေနပ်

  • 22 အောက်တိုဘာ 2013
Image caption မဟာမိတ်နှစ်နိုင်ငံ ဘက်တစ်ဘက်တည်းမှာပါ

အမေ ရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ဆီးရီးယား အရေး နဲ့ ပတ်သက် ပြီး အမေရိကန်နဲ့ ဆော်ဒီအာရေးဗျ အကြား သဘော ထားကွဲလွဲမှု တွေ တိုးပွား ဖြစ်ပေါ် လာနေ တယ်ဆိုတဲ့ အချက်ရဲ့ လေးနက်မှုနဲ့ ပတ်သက်ပြီး လျှော့ပေါ့ ပြောဆို လိုက်ပါတယ်။

ဆော်ဒီ ထောက်လှမ်းရေး အကြီး အကဲဖြစ်သူ မင်းသား ဘန်ဒါ ဘင်ဆူလ်တန်က အမေရိကန်ဟာ ဆီးရီးယားနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ လှုပ်ရှားမှုကို အကောင် အထည်ဖော်ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် အဲဒါကို ကန့်ကွက်တဲ့ အနေနဲ့ အမေရိကန် ဆော်ဒီဆက်ဆံရေးမှာ ကြီးကြီးမားမား ပြောင်းလဲမှု လုပ်မယ်လို့ ပြောခဲ့တဲ့ အပေါ် ဂျွန်ကယ်ရီက အခုလို တုန့်ပြန်ပြောဆိုခဲ့ရာမှာ ဆော်ဒီမိတ်ဆွေတွေနဲ့ ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ပြီး အဲဒီလို ဆွေးနွေးပြီးတဲ့ အခါ မဟာမိတ်နှစ်နိုင်ငံဟာ ဘက်တဘက်တည်းမှာ ရှိတယ်ဆိုတာ လက်ခံသဘောတူသွားမှာပါလို့ သူက ပြောပါတယ်။

အတိတ် ကာလမှာ သဘောတူညီမှုတွေရခဲ့သလိုပဲ နောင်မှာလည်း တူညီတဲ့ ရည်ရွယ်ချက်တွေကို နှစ်နိုင်ငံပူးတွဲ အကောင်အထည်ဖော်သွားနိုင်ပါလိမ့်မယ်လို့ သူက ဆိုပါတယ်။

ဆော်ဒီရဲ့ အရင် နိုင်ငံခြားရေး မူဝါဒက လက်ရှိ အခြေအနေကို ထိန်းသိမ်းထား ရေးနဲ့ နောက်ကွယ်မှာပဲ အသာလျှိုနေရေး သဘောထား ဖြစ်ပါတယ်။

ဒါပေမဲ့ အခုတော့ ဆော်ဒီဟာ ပိုပြီးအတိုက်ခံပြုလိုတဲ့သဘောဆောင်လာသ လို ပိုပြီးတော့လည်း လျှို့ဝှက်လာပါတယ်။

ဆော်ဒီအနေနဲ့ သူတို့ရဲ့ အဓိက အကျိုးစီးပွားတွေဟာ ဆီးရီးယား ပဋိပက္ခကြောင့် အခြိမ်းခြောက်ခံလာရ တယ်လို့ ယူဆသလို အီရန်အပေါ်မှာ အမေရိကန် ထိတွေ့ဆက်ဆံပုံတွေကြောင့် အခုလို သဘောထားပြောင်းလာတာဖြစ် ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆီးရီးယား သူပုန်တွေကို အထောက်အပံ့ပြုဖို့ရာ ပျက်ကွက်ခဲ့တယ်လို့ ဆော်ဒီအာရေးဗျက ယူဆပါတယ်။

ဆော်ဒီအနေနဲ့ နှစ်ပေါင်းများစွာ လိုလားခဲ့တဲ့ ကုလ သမဂ္ဂလုံခြုံရေး ကောင်စီ အဖွဲ့ဝင် နေရာမှာ ရွေးချယ်ခံခဲ့ရပေမဲ့ ကုလသ မဂ္ဂရဲ့ ဆောင်ရွက်ချက်တွေဟာ မမျှတလို့ လက်မခံနိုင်ဘူးဆိုပြီး ပြီးခဲ့တဲ့ အပတ်က ပယ်ချခဲ့တာဟာ သူတို့ရဲ့ မကျေပ်နပ်မှုကို ဖော်ပြတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

မင်းသား ဘန်ဒါ ဟာ ဘုရင် အဗ္ဗဒူလာကိုယ်စား တိုက်ရိုက်ပြောကြားတာ ဟုတ်ချင်မှ ဟုတ်ပါမယ်။ ဒါပေမဲ့ မစ္စတာ ဂျွန်ကယ်ရီရဲ့ တုန့်ပြန် ဖျောင်းဖြစကားကတော့ ဆော်ဒီရဲ့ ဒေါသကို နည်းနည်းပါးပါး လောက်သာ ပြေငြိမ်းနိုင်ဖွယ်ရာ ရှိပါလိမ့်မယ်။

သူ့ရဲ့ အားအကြီးဆုံး မဟာမိတ်နိုင်ငံဟာ သူတို့ရဲ့အစိုးရိမ်ဆုံး ကိစ္စနဲ့ ပတ်သက်ပြီး ရည်ညွှန်းပြောဆိုတာမျိုး မရှိတဲ့အတွက် သူတို့အနေနဲ့ ကျေနပ် အားရမှု ရှိချင်မှ ရှိမယ့် အကြောင်း ဘီဘီစီ အာရပ် အယ်ဒီတာ ဆီဘက်စတီယန် အပ်ရှားက သုံးသပ်ထားပါတယ်။