ဆွေးနွေးမှုကသာ ဆီးရီးယား ငြိမ်းချမ်းစေနိုင်

  • 22 အောက်တိုဘာ 2013
Image caption ဆီးရီးယား အတိုက်အခံတွေနဲ့ လန်ဒန်မြို့မှာ ဆွေးနွေးစဉ်

ဆီးရီးယား ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ တစ်ခု တည်းသော နည်းလမ်းဟာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ပဲ ဖြစ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ အနာဂတ်ရေး ဆွေးနွေးညှိနှိုင်းမှု တွေမှာ အလယ်အလတ် သဘောထားရှိတဲ့ အတိုက် အခံတွေရဲ့ အမြင်တွေ ပါဝင်ဖို့ဟာ သိပ်ကို အရေးကြီးတယ်လို့ သူက ပြောပါတယ်။

ရှေ့လ ဂျီနီဗာမြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဆီးရီးယား အတိုက်အခံတွေ ပါဝင်လာစေဖို့ အနောက်အုပ်စု နိုင်ငံတွေနဲ့ အာရပ် ခေါင်းဆောင် တွေဟာ ဆီးရီးယား အတိုက်အခံတွေနဲ့ လန်ဒန်မြို့မှာ တွေ့ဆုံ ဆွေးနွေးနေပါတယ်။

အနောက်အုပ်စုက အသိအမှတ်ပြု လက်ခံထားတဲ့ ဆီးရီးယားရဲ့ အဓိက အတိုက် အခံ အုပ်စု ဖြစ်တဲ့ ဆီးရီးယား အမျိုးသားကောင်စီ အပါအဝင် အတိုက်အခံ ပါတီ အတော်များများက သူတို့အနေနဲ့ အားဆတ် အစိုးရရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး ပြောဆိုဖို့ ဆန္ဒမရှိဘူးလို့ ပြောနေပါတယ်။

ဂျီနီဗာ ညီလာခံမှာ နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ အတိုက်အခံတွေဘက်က လမ်းဖွင့်ထားကြောင်း၊ သို့သော် ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေး ဖြေရှင်းမှု ဖြစ်ရမှာဖြစ်ပြီး ဆီးရီးယားရဲ့ အနာဂတ်မှာ အာဆတ် ပါဝင်မှု မရှိရဘူးဆိုတဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုးကို နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က အပြည့်အဝ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အတိုက်အခံဖြစ်တဲ့ ဆီးရီးယား အမျိုးသား ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် ခါလစ်ဒ် ဆာလေးက ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ