ပြင်သစ် ဘောလုံးအသင်းတွေ သပိတ်မှောက်မယ်

  • 24 အောက်တိုဘာ 2013
Image caption ပြင်သစ် လိဂ်ဝမ်းနဲ့ လိဂ်တူး ပွဲစဉ်တွေ သပိတ်မှောက်မယ်

ပြင်သစ် နိုင်ငံမှာ သန်းကြွယ် သူဌေးတွေကို အခွန် ၇၅ ရာခိုင်နှုန်း ပေးဆောင်ခိုင်းမယ့် အစိုးရရဲ့ အစီအစဉ်ကို ဆန့်ကျင်ဖို့ လာမယ့် နိုဝင်ဘာလ နောက်ဆုံး သီတင်းပတ်မှာ ဆန္ဒပြ သပိတ်မှောက်မယ်လို့ ပြင်သစ် ဘောလုံး ကလပ် အသင်းတွေက ပြောပါတယ်။

သန်းကြွယ် သူဌေး ကစားသမား အများအပြား ပါဝင်တဲ့ ထိပ်ဆုံး Division ၂ ခု ဖြစ်တဲ့ League 1 နဲ့ League 2 က အသင်းတွေဟာ နိုဝင်ဘာ ၂၉ ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ ပြိုင်ပွဲတွေကို ကစားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

သပိတ်မှောက်တဲ့ အချိန်လောက်မှာ အသက်ဝင်လာမယ့် Supertax လို့ ခေါ်တဲ့ သူကြွယ်တွေကို တိုးကောက်တဲ့ အခွန်ကိစ္စကို ပြင်သစ် ပါလီမန်မှာ မဲခွဲဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။

ခြိုးခြံ ခြွေတာရေး လုပ်နေချိန်မှာ သာတူညီမျှမှု ရှိရေးအတွက် အချမ်းသာဆုံး လူတွေဆီကနေ အခုလို အခွန်တိုးကောက် ရတာပါလို့ အစိုးရက ဆိုပေမယ့် ဒီအစီအစဉ်ဟာ ပြင်သစ်က အကောင်းဆုံး ဘောလုံးကစားသမားတွေကို တခြား တိုင်းပြည်မှာ သွားနေအောင် တွန်းထုတ်သလို ဖြစ်နေတယ်လို့ ဘောလုံး ကလပ်အသင်းတွေက ပြောပါတယ်။