ယုံကြည်မှု ပြန်တည်ဆောက်ဖို့ မာခဲလ် ပြောကြား

  • 24 အောက်တိုဘာ 2013
merkel
Image caption အမေရိကန်ကတော့ မစ္စစ် မာခဲလ်ရဲ့ ဖုန်းကို ခိုးနားမထောင် ခဲ့ဘူးဆိုပါတယ်။

အမေရိကန်က ဖုန်းလိုင်းတွေ ခိုးပြီး နားထောင် ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်က ဒါဟာ မိတ်ဆွေ နိုင်ငံတွေ အကြားမှာ မလုပ်သင့်တဲ့ ကိစ္စလို့ ပြောလိုက် ပါတယ်။

ဘရပ်ဆဲလ် မြို့မှာ ကျင်းပမယ့် ဥရောပ သမဂ္ဂ ထိတ်သီး အစည်းအဝေးကို တက်ရောက်လာတဲ့ မစ္စစ် မာခဲလ်က လုပ်ဖော်ကိုင်ဘက် မဟာမိတ်နိုင်ငံတွေ အကြား ယုံကြည်မှု ရှိဖို့လိုတယ်၊ အဲဒီ ယုံကြည်မှုကို ပြန်လည် တည်ဆောက်ရမယ်လို့ ဆိုပါတယ်။

အမေရိကန် သမ္မတ အိုဘားမားကိုလည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က ဒီသတင်းစကားကို ဆက်သွယ် ပြောကြား ခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဘရပ်ဆဲလ်ကို ရောက်ပြီးနောက် မစ္စစ် မာခဲလ်က ဂျာမနီနည်းတူ ပြင်သစ်မှာလည်း အမေရိကန်က ဖုန်းတွေကို အကြိမ် သန်းနဲ့ချီ ခိုးနားထောင် ခံခဲ့ရတယ် ဆိုတဲ့ သတင်း တွေအတွက် ရတက်မအေး ဖြစ်နေတဲ့ ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလောန်း နဲ့လည်း တွေ့ဆုံလို့ ဒီကိစ္စကို ဆွေးနွေး ခဲ့ပါတယ်။

အဲဒီလို သူလျှို လုပ်မှုတွေကြောင့် ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီးကလည်း ဘာလင်မှာ အမေရိကန် သံအမတ်ကို ခေါ်တွေ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ယိုယွင်းသွား နိုင်လို့ မှန်မှန်ကန်ကန် ဖြေကြား ဖို့ အတွက်ကို တောင်းဆို ခဲ့ပြီးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့ကတော့ အမေရိကန် သမ္မတ အိုဘားမားက မစ္စစ်မာခဲလ်ကို အမေရိကန် ဘက်က ခိုးနားထောင် ခဲ့တာမျိုး မလုပ်ခဲ့ကြောင်းနဲ့ နောင်လည်း လုပ်မှာ မဟုတ်ဘူးလို့ ပြောကြား ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီမှာ မေးစရာ ဖြစ်လာ ခဲ့တာက အရင်ကရော ဒီလို ခိုးနားထောင် ခဲ့ဖူးသလား ဆိုတာပဲ ဖြစ်ပါတယ်။

အရင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မက်ဒလင်း အောဘရိုက် ကတော့ ဒီလို သူလျှို လုပ်မှုတွေ ဟာ တကယ်တော့ အံ့ဩစရာ မဟုတ်ဘူး၊ နိုင်ငံတိုင်းဟာ အချင်းချင်း သူလျှို လုပ်နေကြတာချည်းပဲ လို့ ဆိုလိုက်တဲ့ အပြင် သူတာဝန် ထမ်းဆောင် နေစဉ်တုန်းကဆို ပြင်သစ်က ဒီလို လုပ်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။

အခုဖြစ်နေတဲ့ သူလျှိုလုပ်မှု ပြဿနာ တွေကြောင့် အမေရိကန်နဲ့ အီးယူတို့ အကြား အရေးကြီးတဲ့ ကုန်သွယ်ရေး သဘောတူညီမှု တခုရဖို့ အရေးမှာ အဟန့်အတားကြီး တခု ဖြစ်လာနိုင်တယ်လို့ စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ