ကမ္ဘာ့ ခေါင်းဆောင်တွေကို ကန်ထောက်လှမ်း

  • 24 အောက်တိုဘာ 2013
phone
Image caption ၂ နိုင်ငံ ယုံကြည်မှု ပြန်တည်ဆောက်ဖို့လို

အမေရိကန် ထောက်လှမ်းရေး ဟောင်း အက်ဒွပ်စနိုးဒန်း ဖောက်ချ လိုက်တဲ့ လျှို့ဝှက် မှတ်တမ်းတွေ အရ ကမ္ဘာ့ နိုင်ငံ ခေါင်းဆောင် ၃၅ ယောက်ရဲ့ ဖုန်း တွေကို အမေရိကန်က ထောက်လှမ်း နေခဲ့ကြောင်း တွေ့ရှိ လာရ ပါတယ်။

အရေးကြီးတဲ့ ဖုန်းနံပါတ် ၂ဝဝ ကျော်ကို ရရှိပြီးနောက် အမေရိကန် ထောက်လှမ်းရေးက စပြီး ထောက်လှမ်းမှုတွေ လုပ်ခဲ့တယ်လို့ ဗြိတိန် ထုတ် ဂါးဒီးယန်း သတင်းစာ ကြီးမှာ ပါတဲ့ ကန့်သတ် မှတ်တမ်းစာ တခုမှာ ပါရှိ ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မယ်ဒလင်း သြဘရိုက် ကလည်း သူ ကုလ သံအမတ် လုပ်တုန်းက ပြင်သစ် ထောက်လှမ်း ရေး နောက်ယောင် ခံတာ ကြုံဖူးကြောင်း၊ အစိုးရ ထဲ ထောက်လှမ်းရေး လာလုပ် တာတွေ တကယ် ရှိကြောင်း ပြောဆို ပါတယ်။

ဒီအချိန် မှာပဲ အမေရိကန် ရဲ့ ဖုန်းထောက်လှမ်း တာ ခံခဲ့ရတယ် ဆိုတဲ့ ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာကဲကလည်း မိတ်ဆွေ အချင်းချင်း သူလျှို လုပ်တာ မလုပ်ကောင်းဘူးလို့ ပြောဆို ခဲ့ပါတယ်။

ဒီလို ယိုးစွပ်စရာတွေ ရှိနေချိန်မှာ အမေရိကန်နဲ့ ဂျာမနီကြား ယုံကြည်မှုကို ပြန်ပြီး တည်ဆောက်ရမှာ ဖြစ်ကြောင်း မစ္စစ် မာကဲက ဥရောပ ထိပ်သီး ဆွေးနွေးပွဲ ရောက်တဲ့အချိန်မှာ ပြောကြား ခဲ့တာပါ။

မိတ်ဆွေရင်း တယောက်က လူပုံလယ်မှာ အရှက်ခွဲသလို ခံစားရတဲ့ အတွက် မစ္စစ် မာကဲ စိတ်ချမ်းသာမှာ မဟုတ်ဘူးလို့ ဂျာမနီ ဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း John Kornblum ကလည်း ဆိုပါတယ်။

အီတလီ ဝန်ကြီးချုပ် အန်ရီကို လက်တာကလည်း အမေရိကန်နဲ့ ဗြိတိန်က အီတလီ အစိုးရ ဆက်သွယ်ရေး ကွန်ယက် တွေကို ထောက်လှမ်းတယ် ဆိုတာ ဘယ်လောက် မှန်လဲ သိချင်ကြောင်း တောင်းဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ