NSA ရဲ့ လုပ်ရပ်ကို ဆန့်ကျင် ဆန္ဒပြကြပြီ

  • 27 အောက်တိုဘာ 2013
Image caption NSA ရဲ့ ထောက်လှမ်းမှုတွေကို ဆန့်ကျင် ဆန္ဒပြ

အမေရိကန် အစိုးရက ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ် အပေါ် သူလျှို ထောက်လှမ်းခဲ့တာနဲ့ ပတ်သက်လို့ စွပ်စွဲ ပြောဆိုချက်သစ်တွေကို ဂျာမနီထုတ် ဒက်ရှ် စပီးဂဲမဂ္ဂဇင်းက ထုတ်ဝေလိုက်ပါတယ်။

လျှို့ဝှက် သတင်းအချက်အလက်တွေကို ကိုးကားပြောကြားရာမှာ အမေရိကန်က မစ္စက် မာခဲလ်ရဲ့ ဖုန်းကို ၂ဝဝ၂ ခုနှစ် ကတည်းက ကြားဖြတ် ခိုးနားထောင်ဖို့ လျှို့ဝှက် အသံဖမ်း ကိရိယာ ချိတ်ထားခဲ့တာ ဖြစ်ပြီး၊ ဇွန်လတုန်းက ဂျာမနီကို သမ္မတ အိုဘားမား မလာခင် သီတင်းပတ်တွေ အထိ အမေရိကန် အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ NSA ရဲ့ စောင့်ကြည့်ရေး စာရင်းမှာ ဆက်လက် ထည့်ထားစဲဘဲလို့ ဒက်ရှ် စပီးဂဲလ် မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

ဘာလင်က အမေရိကန် သံရုံးထဲမှာ NSA က အခြေစိုက်ပြီး တရားမဝင် ထောက်လှမ်းမှုတွေ လုပ်နေခဲ့တာလို့လည်း စွပ်စွဲ ပြောဆိုထားပါတယ်။

အခုလို အမေရိကန်က မဟာမိတ်တွေ ဖြစ်တဲ့ ဂျာမနီနဲ့ တခြား နိုင်ငံတွေကို ထောက်လှမ်းမှုတွေ လုပ်နေခဲ့တာဟာ သံတမန် ဆက်ဆံရေး ထိခိုက်စေတယ် ဆိုတဲ့ ပြောဆိုချက်တွေလည်း ထွက်ပေါ်နေပါတယ်။

အမေရိကန် ပြည်ထောင်စု မှာတော့ NSA က လူတွေရဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေကို လိုက်လံထောက်လှမ်းနေမှုတွေကို ဆန့်ကျင်တဲ့ ရာနဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေ စုရုံးပြီး အစိုးရရဲ့ ထောက်လှမ်းမှုတွေ ရပ်ဖို့ ဝါရှင်တန် မြို့မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကို ဦးဆောင်သူတွေက ထောက်ခံသူ လက်မှတ် ငါးသိန်းကျော် စုဆောင်း ရထားပြီလို့ ပြောပါတယ်။

အမေရိကန် အစိုးရဟာ လူထုရဲ့ တယ်လီဖုန်းနဲ့ အက်တာနက် ဆက်သွယ်မှုကို ကြားဖြတ် ခိုးနားထောင်တာတွေ လုပ်ခဲ့တယ် ဆိုတဲ့ လျှို့ဝှက်ချက်ကို ထောက်လှမ်းရေး အရာရှိဟောင်း အက်ဒွပ် စနိုဒင်က လူသိရှင်ကြား ဖွင့်ချခဲ့တာ ဖြစ်ပါတယ်။

အခုလို ဖွင့်ချခဲ့မှုကြောင့် NSA ထောက်လှမ်းမှု လုပ်ရပ်တွေဟာ ဥပဒေ အရ အကျုံးဝင်မှု ရှိရဲ့လား ဆိုတာ ပြောဆို ခဲ့ကြသလို အမေရိကန်ရဲ့ မဟာမိတ် အများအပြား ကလည်း ဒေါသထွက်ခဲ့ ကြပါတယ်။