ပေါ်တူဂီ ချွေတာရေး အစီအစဉ် ကန့်ကွက်ဆန္ဒပြ

  • 27 အောက်တိုဘာ 2013
Image caption ခြိုးခြံရေး အစီအစဉ်ကို ကန့်ကွက် ဆန္ဒပြ

ပေါ်တူဂီ နိုင်ငံ လစ်စဘွန်း မြို့မှာ ထောင်ဂဏန်း တော်တော် များများ ရှိတဲ့ ဆန္ဒပြ သူတွေ ဟာ ခြိုးခြံ ချွေတာရေး အစီအစဉ်ကို ကန့်ကွက် ဆန္ဒ ပြခဲ့ ကြပါတယ်။

လစာဖြတ်တောက်တာကို သူတို့က ကန့်ကွက်ကြသလို ပြည်သူပိုင်လုပ်ငန်းတွေကို ခြိုးခြံ ချွေတာ ရေး အစီ အစဉ်နဲ့ အညီ အသုံး စရိတ် လျော့ချ ပြင်ဆင် ဖွဲ့စည်း မှာကိုလည်း ကန့်ကွက် ကြပါတယ်။

ဆန္ဒပြ သူတွေ ထဲမှာ အငြိမ်းစား ဝန်ထမ်းတွေ ၊ အလုပ် လက်မဲ့ ဖြစ်နေ ကြသူ တွေနဲ့ မသန်စွမ်း သူတွေ ပါဝင်ပြီး လူတွေ ဆီက ဓါးပြ တိုက်မှု တွေ အဆုံးသတ်ပါ ၊ အာဏာရှင် စံနစ် ရပ်ဆိုင်းရေး စတဲ့ ပိုစတာတွေ ကြွေးကြော် သံတွေကို ကိုင်ဆောင် အော်ဟစ် ဆန္ဒ ပြခဲ့ ကြပါတယ် ။

နိုင်ငံ မြောက်ပိုင်း ပေါ်တို မြို့နဲ့ တခြား မြို့ ၁၂ မြို့မှာလည်း လူစုဝေး ဆန္ဒပြမှု တွေဖြစ် ခဲ့ပြီး သုံးပွင့် ဆိုင်အဖွဲ့ ထွက်သွားလို့ ကြွေးကြော်ခဲ့ ကြပါတယ်။

သူတို့ ပြောတဲ့ သုံးပွင့်ဆိုင် အဖွဲ့ ဆိုတာဟာ ဥရောပ သမဂ္ဂ၊ ဥရောပ ဗဟိုဘဏ်နဲ့ နိုင်ငံ တကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ အိုင်အမ်အက်ဖ် တို့ကို ပြောတာ ဖြစ်ပါတယ်။

ဒီသုံးပွင့်ဆိုင် အဖွဲ့ဟာ ဘဏ်တွေ မပြိုလဲအောင် အမေရိကန် ဒေါ်လာ ၁၀၈ ဘီလျံ ထုတ်ချေးမှာ ဖြစ်ပြီး အဲဒီလို ထုတ်ချေး ရာမှာ အပြန် အလှန် သဘော တူညီချက် အနေနဲ့ အများ ပြည်သူ အတွက် အစိုးရက သုံးစွဲမယ့် အသုံး စရိတ် တွေကို ဖြတ်တောက်ဖို့ တောင်းဆိုခဲ့ ကြတာကို လူတွေက မကျေနပ် ကြတာ ဖြစ်ပါတယ်။

ဒီဖြတ်တောက်မှု အစီ အစဉ်ဟာ လစာဖြတ်တောက်မှု ပင်စင်ငွေဖြတ်တောက်မှုနဲ့ အများပြည်သူဝန်ဆောင်လုပ်ငန်းတွေမှာ အသုံးစရိတ်လျှော့ချမှုတွေပါဝင်ပါတယ်။

လစ်စဘွန်းမှာ အခုဆန္ဒပြသူအရေအတွက်ဟာ အစပိုင်းမှာ တော့ ၂၀၁၂ ခုနှစ်နဲ့ ဒီနှစ် နှစ်ဦးပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေလောက်မကြီးကျယ်ပဲ လူနည်းနည်းနဲ့ စခဲ့တယ်လို့ ထင်ခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ ဆန္ဒပြသူအရေအတွက်ဟာ သိန်းဂဏန်းအထိတိုးတက်များပြားလာခဲ့ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာလည်း အစိုးရလုပ်ငန်း ဝန်ထမ်းတွေ ဆန္ဒပြကြဖို့ အလုပ်သမားသမဂ္ဂတွေက နှိုးဆော်ထားကြပါတယ်။

လူထုကဒီလိုဆန္ဒပြနေကြပေမဲ့ အစိုးရကတော့ ခြိုးချန်ရေး အစီအစဉ်ကို ပြောင်းလဲပြင်ဆင်မယ့်အရိပ်အယောက်မပြတဲ့ အတွက် လာမယ့် ဇွန်လဆိုရင် ဒီအစီစဉ်ကို အပြီးသတ်အကောင်ထည်ဖော်တော့မယ်လို့ ယူဆရပါတယ်။