တိန်ယန်မင် အကြမ်းဖက်မှု ၅ ဦး ဖမ်းဆီး

  • 30 အောက်တိုဘာ 2013
Image caption အသေအချာ စီစဉ်ခဲ့တဲ့ အကြမ်းဖက်မှုလို့ ဆို

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော် တိန်ယန်မင် ရင်ပြင်မှာ တနင်္လာနေ့က မော်တော်ယာဉ်နဲ့ တိုက်ခိုက်ခဲ့မှုအတွက် သံသယရှိသူ ၅ ဦးကို ဖမ်းဆီးထားပြီလို့ တရုတ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တယ်လို့ ပထမဆုံးအကြိမ်အဖြစ် တရုတ် အစိုးရက ဖော်ပြ ပြောဆိုထားပါတယ်။

ဒီယာဉ်ထဲမှာ ပါလာသူတွေဟာ ဘယ်သူတွေဖြစ်ပြီး ယာဉ်တိုက်လို့ သေဆုံးသွားသူ ခရီးသည်တွေက ဘယ်သူတွေဖြစ်တယ် ဆိုတာကို အစိုးရက ပထမဆုံးအကြိမ် ထုတ်ဖော် ကြေညာသွားပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့က ဖြစ်ရပ်ဟာ အသေအချာ စနစ်တကျ စီစဉ်ဆောင်ရွက်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ကြောင်း၊ ကနဦး စုံစမ်း စစ်ဆေးချက်တွေကို ထုတ်ပြန်ခဲ့ပြီ ဖြစ်ပြီး သံသယရှိသူ ၅ ဦးကိုလည်း ဖမ်းဆီးလိုက်ကြောင်း စီစီတီဗီ တရုတ်နိုင်ငံပိုင် ရုပ်သံက ကြေညာသွားပါတယ်။

ကားပေါ်ပါသူတွေဟာ အမျိုးသား တစ်ဦးနဲ့အတူ သူ့ရဲ့ ဇနီးနဲ့ မိခင် တို့ ဖြစ်ပြီး သူတို့အားလုံးရဲ့ နာမည်တွေဟာ ရှင်ဂျန်းဒေသက လူနည်းစု မူဆလင် ဝီဂါ လူမျိုး နာမည်တွေ ဖြစ်ကြပါတယ်။

ရဲတပ်ဖွဲ့ အဆိုအရ လူအုပ်ကို ဝင်တိုက်အပြီး မီးလောင်သွားတဲ့ အဲဒီ ကားထဲမှာ ဓားတွေ၊ သံချောင်းတွေနဲ့အတူ ဘာသာရေး ဆိုင်ရာ ကြွေးကြော်သံပါတဲ့ အလံတခုကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ