ဒမတ်စကပ်စ် ဆင်ခြေဖုံးက အရပ်သားတွေ ထွက်ပြေးလာ

  • 30 အောက်တိုဘာ 2013
Image caption အစာငတ်ရေငတ် အားပြတ်သူတွေကို ထမ်းစင်နဲ့ ခေါ်

ဒမတ်စကပ်စ်မြို့ရဲ့ ဆင်ခြေဖုံး မိုဒါမီယာအရပ်ဟာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ အရပ်ဖြစ်လို့ ဆီရီးယားအစိုးရတပ်တွေက ပြီးခဲ့တဲ့ မတ်လကတည်းက ဝိုင်းထားခဲ့တာပါ၊

မိုဒါမီယာအပါအဝင် ဒမတ်စကပ်မြို့ ဆင်ခြေဖုံးဒေသ ၃ ခုထက်မနည်းကို ဆီရီးယားစစ်တပ်က လက်နက်ချရင်ချ မချရင် အငတ်ခံကြဆိုပြီး ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။

မိုဒါမီယာမှာ လူတွေ ငတ်မွတ်လာကြတာကြောင့် အစ္စလမ်ဘာသာရေးအရ မစားဖို့ တားမြစ်ထားတဲ့ ခွေးတွေ ကြောင်တွေကို အသက်ရှင်နေထိုင်နိုင်ဖို့ အတွက် စားနိုင်တယ်ဆိုပြီး မွတ်ဆလင် ဘာသာရေးခေါင်ဆောင်တွေက အခုလ စောစောပိုင်းမှာ ခွင့်ပြုခဲ့ရပါတယ်။

မိုဒါမီယာမှာ ပေါင်မုန့်ကို မမြင်ရတာ ကိုးလ ရှိပြီလို့ အမျိုးသမီးတဦးက ပြောခဲ့ပြီး သူတို့ မြက်တွေ သစ်ရွက်တွေ စားနေခဲ့ကြရတယ်လို့ ဆိုပါတယ်။

အခုတော့ အစိုးရက သူတို့ ဝိုင်းပိတ်ဆို့ထားတာကို ဖြေလျော့ပေးလိုက်တဲ့ အတွက် Moadamiya ဆင်ခြေဖုံးဒေသကနေ လူတွေ အများကြီး တသုတ်ပြီးတသုတ် ထွက်ပြေးလွတ်မြောက်လာတာကို တွေ့ခဲ့ကြရပါတယ်၊

ပြေးလာကြတဲ့ သူတွေဟာ အစာငတ် ရေငတ်နဲ့ သိပ်အားနည်းလှတဲ့အတွက် လမ်းတောင် မလျှောက်နိုင်ကြလို့ တချို့ကို လက်တွန်းလှည်းတွေနဲ့ တချို့ကို ထမ်းစင်နဲ့ သယ်လာခဲ့ကြရပါတယ်။ တချို့က ကလေးကို ချီလို့ ကလေးငယ်တွေကလည်း သူ့ထက်တောင်ကြီးတဲ့ အိတ်ကြီးကို မြေကြီးပေါ် ဒရွတ်တိုက်ဆွဲလို့ ပြေးလာကြတာပါ၊ သူတို့ဟာ အစာငတ် ရေငတ် ဖြစ်နေကြတာမို့ ပေါင်မုံကို အငမ်းမရ စားနေကြပြီး ရေပုလင်းကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားကြပါတယ်လို့ ဘီဘီစီ သတင်းထောက်က လိစ် ဒူးဆက်က ပြောပြခဲ့ပါတယ်။

အခုတော့ ထောင်နဲ့ချီတဲ့ အရပ်သားအားလုံး ထွက်ပြေးလာနိုင်ကြပါပြီ။ သူတို့ကို အစိုးရ ဖွင့်လှစ်ထားတဲ့ ခိုလှုံရေးစခန်းတွေဆီကို ဘတ်စကားတွေနဲ့ သယ်ပို့ပေးနေပါတယ်။

သူပုန်တွေကတော့ အစိုးရဟာ အပြစ်မဲ့ပြည်သူတွေနေတဲ့နေရာကို ဝိုင်းထားတယ်ဆိုပြီး အစိုးရကို အပြစ်တင်ပါတယ်။

အစိုးရကလည်း သူပုန်တွေဟာ လူနေအိမ်တွေထဲမှာ ဝင်နေရာယူစခန်းချနေတာကြောင့်လို့ သူပုန်တွေကို ပြန်အပြစ်ဖို့ပါတယ်။

ဘယ်သူ အပြစ်ဘဲ ဖြစ်ဖြစ် တကယ်တန်းဒုက္ခရောက်ကြရတာကတော့ အပြစ်မဲ့တဲ့ ပြည်သူတွေဘဲ ဖြစ်ပါတယ်။

အခုတော့ ကိုယ်အိုး ကိုယ်အိမ်ကို စွန်ပြီး ထွက်ပြေးလာကြရတဲ့ သူတွေဟာ ခိုလှုံရေးစခန်းတွေမှာ နေနေကြရပါတော့မယ်၊ သူတို့တွေ ဘယ်တော့ ကိုယ်အိမ်ကို ပြန်နေနိုင်ကြမယ်ဆိုကတော့ မခန့်မှန်းနိုင်ပါဘူး။

အခု အရပ်သားတွေ မရှိတော့တဲ့အတွက် ဒီဒေသမှာ တိုက်ပွဲတွေကတော့ ပိုပြီးပြင်းထန်လာမှာကတော့ သေချာပါတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ