သက်ဆင် ပြန်မဝင်ဖို့ အတိုက်အခံတွေ ဆန့်ကျင်

  • 30 အောက်တိုဘာ 2013
Image caption အဝေးရောက် ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်

အဝေးရောက် ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံကို ပြန်လည် ဝင်ရောက်လာစေနိုင်မယ့် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်းကို ဦးဆောင် ကန့်ကွက်ဆန္ဒပြဖို့ ထိုင်း အတိုက်အခံ ၄ ဦးဟာ သူတို့ရဲ့ ပါတီကနေ နှုတ်ထွက်လိုက်ကြပါတယ်။

ဒီဥပဒေကြမ်းကို သက်ဆင် ရှင်နာဝပ်ရဲ့ ညီမဖြစ်သူ ယင်လက်ရှင်နာဝပ် ဦးဆောင်နေတဲ့ ထိုင်း လက်ရှိအစိုးရရဲ့ ထောက်ခံချက်နဲ့ အခု သီတင်းပတ်အတွင်း အတည်ပြုတော့မှာ ဖြစ်ပါတယ်။

ဒီလွတ်ငြိမ်းချမ်းသာခွင့် ဥပဒေဟာ ၂၀၀၆ ခုနှစ်က စစ်တပ် အာဏာသိမ်းကာ မစ္စတာ သက်ဆင်ကို ဖြုတ်ချခဲ့ပြီးနောက် နိုင်ငံရေး မငြိမ်မသက် ဖြစ်မှုတွေနဲ့ လမ်းပေါ်မှာ တိုက်ခိုက်မှုတွေ အတွင်း ပြစ်မှု ကျူးလွန်ခဲ့သူတွေ အတွက် ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အဂတိလိုက်စားမှု အာဏာ အလွဲသုံးစား လုပ်မှုစွဲချက်တွေနဲ့ အပြစ်ရှိကြောင်း စီရင်ချက်ချပြီး ကတည်းက သူဟာ အဝေးရောက် အဖြစ်နေထိုင်နေ သူဖြစ်ပါတယ်။