ကမ္ဘာ့ ကာဗွန် ထုတ်လွှတ်မှု လျော့ကျလာ

  • 31 အောက်တိုဘာ 2013
Image caption ကာဗွန် ထွက်ရှိမှု ဆက်တိုက် လျော့လာနိုင်ဖွယ်ရှိ

တကမ္ဘာလုံး အတိုင်းအတာနဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှု လျော့ကျလာတယ် ဆိုတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ဥရောပ သုတေသီတွေက ပြောပါတယ်။

မနှစ်တုန်းက ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု တိုးလာတဲ့နှုန်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပျမ်းမျှ ထုတ်လုပ်မှုထက် တစ်ဝက်လောက် နည်းသွားတယ်လို့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

တရုတ် နိုင်ငံမှာ ရေအားလျှပ်စစ် ထုတ်လုပ် အသုံးချမှုတွေ တိုးလာပြီး အမေရိကန်မှာလည်း သဘာဝ ဓာတ်ငွေ့ကို ပြောင်းလဲအသုံးချမှုတွေကြောင့် အခုလို ကာဗွန်ထွက်ရှိမှု လျော့ကျတာကို တစိတ်တပိုင်း အထောက်အကူ ပြုခဲ့တယ်လို့ ဆိုပါတယ်။

အခုအတိုင်းသာ ဆက်သွားနေမယ် ဆိုရင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်ရှိမှု ဆက်တိုက် လျော့ကျလာကောင်း လာနိုင်တယ်လို့ သုတေသီ တွေက ပြောပါတယ်။

ဒါပေမယ့် ဒီ ကာဗွန် ထွက်ရှိမှု လျော့သွားတဲ့ အချက်က ရာသီဥတု ပြောင်းလဲမှုကို တိုတောင်းတဲ့ ကာလအတွင်း ထူးထူးခြားခြား အကျိုးသက်ရောက်မှု ရှိစေမှာ မဟုတ်သေးဘူးလို့ ဘီဘီစီ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သတင်းထောက်က သတိပေးထားပါတယ်။