လစာ တိုးပေးဖို့ အင်ဒိုမှာ သပိတ်မှောက်

  • 31 အောက်တိုဘာ 2013
Image caption အနိမ့်ဆုံး လစာကို ၅၀ ရာနှုန်း တိုးပေးဖို့ ဆန္ဒပြကြသူများ

အင်ဒိုနီးရှား နိုင်ငံတလွှားမှာ ကုန်စျေးနှုန်း ကြီးမြင့်လာတဲ့အတွက် လုပ်ခလစာတွေ တိုးပေးဖို့ ရာထောင်ချီတဲ့ အလုပ်သမားတွေ နှစ်ရက်ကြာ သပိတ်မှောက်မှုကို စတင်ခဲ့ကြ ပါတယ်။

နိုင်ငံ စီးပွားရေး တိုးတက်လာတာနဲ့အမျှ အင်ဒိုနီးရှားမှာ သပိတ်မှောက် ဆန္ဒပြမှုတွေ တိုးလာနေပြီး အခုနှစ် ပိုင်းတွေ အတွင်း စီးပွားရေး တက်လာတာနဲ့အမျှ တိုးပွားလာတဲ့ အမြတ်ရရှိမှုအပေါ် အလုပ်သမားတွေကလည်း ခံစားခွင့် တိုးလိုချင်ကြောင်း တောင်းဆိုလာကြတာ ဖြစ်ပါတယ်။

ငွေဖောင်းပွမှုနှုန်း တိုးလာပြီး လောင်စာဆီ စျေးနှုန်းတွေ မြင့်တက်လာတဲ့အပေါ် လိုက်လျောညီထွေ ဖြစ်အောင် အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခကိုလည်း ၅၀ ရာခိုင်နှုန်း တိုးပေးဖို့ အလုပ်သမား သမဂ္ဂတွေက အဓိကထား တောင်းဆိုခဲ့ကြ ပါတယ်။

အင်ဒိုနီးရှားမှာ ပြည်နယ်ဒေသနဲ့ လုပ်ငန်း ဆိုင်ရာအလိုက် အနိမ့်ဆုံး လုပ်ခက ကွာခြားပေမယ့် ပျမ်းမျှပေးငွေက တရုတ်နဲ့ အိန္ဒိယမှာ ပေးနေတဲ့ နှုန်းထက် သိသိသာသာကို နည်းနေဆဲ ဖြစ်ပါတယ်။