Hakimullah Mehsud သေဆုံးသွားပြီလို့ သတင်းထွက်

  • 2 နိုဝင်ဘာ 2013
Image caption ပါကစ္စတန် တာလီဘန် ခေါင်းဆောင် Hakimullah Mehsud

ပါကစ္စတန် တာလီဘန် ခေါင်းဆောင် Hakimullah Mehsud သေဆုံးသွားပြီလို့ တာလီဘန် အဆင့်မြင့် အရာရှိတယောက်က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံမြောက်ပိုင်း ဝါဇီရစ်စတန် ပြည်နယ်မှာ အမေရိကန်ရဲ့ လေကြောင်းက မောင်းသူမဲ့ယာဉ်လို့ ယူဆရတဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတာလို့ ဆိုပါတယ်။

ဒီနေ့စနေနေ့မှာ သူ့ရဲ့ စျာပန အခမ်းအနား ကျင်းပမယ်လို့ ပါကစ္စတန် ထောက်လှမ်းရေး အရာရှိတယောက်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ဒုံးကျည် အများအပြားနဲ့ ပစ်ခတ်ခံခဲ့ရပြီး လူခြောက်ယောက် သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

တာလီဘန်ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပဖို့ မျှော်လင့်ကြောင်း ပါကစ္စတန် အစိုးရက ပြောပြီး နာရီပိုင်း အကြာမှာ အခုလို သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို အမေရိကန်ရဲ့ မောင်းသူမဲ့ယာဉ်နဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကို ပါကစ္စတန် အစိုးရ ရှုတ်ချခဲ့ပြီး ဒါဟာ သူတို့နိုင်ငံရဲ့ အချုပ်အချာ အာဏာကို ထိပါးတာ ဖြစ်တယ်လို့ ဆိုတာ ဒီတိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ ထပ်တလဲလဲ ပန်ကြားခဲ့တာ ဖြစ်ပါတယ်။