နီဂျဲက အစာငတ်သေဆုံးမှု ဖြစ်စဉ် ပြန်ပြောပြ

  • 1 နိုဝင်ဘာ 2013
Sahara Desert
Image caption အောက်တိုဘာ ၃၀ ရက်နေ့က ကယ်ဆယ်ရေးလုပ်သားများကို တွေ့ရစဉ်

ဆာဟာရ သဲကန္တာရ ကြီးထဲမှာ ခရီးသွားတုန်း ကားပျက်သွားပြီးတဲ့နောက် Niger နိုင်ငံသား ၈၇ ယောက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရေငတ်ပြီး သေဆုံးခဲ့တာ တွေ့ခဲ့ကြရ ပါတယ်။

အဲဒီ ထိတ်လန့် ကြောက်မက်ဖွယ်ရာ အဖြစ်ကနေ အသက် မသေဘဲ ကျန်ခဲ့ တဲ့ အသက် ၁၄ နှစ် အရွယ် Shafa ဆိုတဲ့ မိန်းကလေးက သူ့ရဲ့ ခါးသီးတဲ့ အတွေ့ အကြုံတွေအကြောင်း ဘီဘီစီကို ပြောပြခဲ့ပါတယ်။

'သူတို့ က အာယ်လ်ဂျီးရီးယားက အမျိုးတွေဆီ အလည် သွားကြတာ၊ လူ ၁၀၀ ကျော်ပါတဲ့ ကား နှစ်စီး အတူ သွားကြရင်း သူလိုက်လာတဲ့ ကားက လမ်းမှာ ပျက်သွားတော့ ပြင်ရတာ တစ်နေကုန် ကြာတယ်၊ အဲဒီ အချိန်မှာပဲ သူတို့ သောက်ရေ ပြတ်သွားတယ်'လို့ Shafa က ပြောပါတယ်။

နောက်တော့ နည်းနည်းပဲ ရှိတဲ့ ရေတွင်း တစ်တွင်းကို တွေ့တော့ တစ်ယောက်က ရေဆင်းခတ်တယ်၊ ဒါပေမဲ့ ကျန်တဲ့သူတွေကတော့ ရေငတ် နေတုန်းပဲမို့ ကား ဒရိုင်ဘာ တွေက သူတို့ ရေသွားရှာပြီး ပြန်လာလိမ့်မယ်၊ ဒီမှာပဲ စောင့်နေကြလို့ ပြောပြီး ထွက်သွားလိုက်တာ တစ်ညနဲ့ တစ်ရက်သာ ကြာသွားတယ် ပြန်မလာကြဘူးလို့ ပြောပါတယ်။

သူတို့ လမ်းလျှောက် ခရီးဆက်ဖို့ မဆုံးဖြတ်ခင် သဲကန္တာရထဲမှာ နှစ်ရက်ကြာအောင် အစာငတ် ရေပြတ် နေခဲ့ရတယ်၊ တချို့ ကားတွေက သူတို့နားကနေ ဖြတ်ကျော် သွားကြတယ်၊ သူတို့က တားပေမဲ့ ဘယ်သူကမှ ရပ်မပေးကြဘူးလို့ သူက ပြောပါတယ်။

အဲဒီ အချိန်ကစပြီး လူတွေ သေတော့ တာပဲ၊ ဒုတိနေ့မှာ သူတို့ထဲက ၁၅ ယောက် ရေငတ်ပြီး အရင်ဆုံး သေသွားခဲ့ကြ တယ်လို့ Shafa က ပြောပါတယ်။

သူတို့ကို အယ်လ်ဂျီးရီးယားလုံခြုံရေး တပ်တွေသား တချို့က တွေ့ပေမဲ့ သူတို့ကို ခေါ်သွားတာ တရားမဝင် တဲ့ အတွက် အရေးယူ ခံရမှာ စိုးလို့ ပြန်လှည့် သွားကြတယ်လို့ ပြောပါတယ်။

တစ်ယောက်ပြီး တစ်ယောက် သေဆုံးခဲ့ကြသူတွေထဲမှာ ဆာရှာရဲ့ အမေနဲ့ ညီအစ်မ တွေလည်း ပါပါတယ်။ သူတို့ သစ်ပင်အောက်မှာ ထိုင်နေခဲ့ကြတဲ့ အချိန်မှာ သူ့ရဲ့ ညီအစ်မ တစ်ယောက် သေဆုံးသွားတယ်၊ အဲဒီ သစ်ပင်အောက်မှာပဲ သူ့ကို မြှုပ်လိုက်တယ်၊ နောက် လမ်း ဆက်လျှောက်သွားပြီး တစ်ရက် အကြာမှာ တော့ နောက်ထပ် တစ်ယောက် ညီအစ်မ တစ်ယောက် သေဆုံးသွားတယ်၊ တတိယမြောက် နေ့မှာ သူ့ အမေ ၊ သေဆုံးသွားပြန်တယ်၊ သူ့ အမေနဲ့ သူ့ ညီအစ်မ တွေကို သူကိုယ်တိုင် မြေမြှုပ်ခဲ့ရတယ် လို့ ဆာရှာက ပြောပါတယ်။

သူတို့ ဆက်လမ်းလျှောက်သွားကြတာကို ဖြတ်သွား ဖြတ်လာ ကားတွေက မြင်ပေမဲ့ ရပ်မပေးကြတဲ့ အပြင် ကားတစ်စီးက ဆိုရင် ကားနဲ့ ဝင်တိုက်လို့ သူတို့ထဲက သုံးယောက် သေဆုံး ခဲ့ရတယ်လို့ ပြောပါတယ်။

နောက်ဆုံး သစ်ပင် တစ်ပင် တွေ့လို့ အရိပ်အောက်မှာ နားပြီး မျှော်လင့်ချက်တွေ အားလုံးကို လက်လျှော့ လိုက်တော့မယ့် အချိန်မှာ ကားတစ်စီး ကို မြင်လိုက်လို့ သူ့ အိင်္ကျီလေးကိုချွတ်ပြီး သူ့ကို မြင်အောင် ဝှေ့ယမ်း လိုက်တယ်၊ ကားမောင်းသမား အမျိုးသားက ကားကို ရပ်ပြီး ဖြစ်ပျက်ပုံကို မေးတော့ သူ ပြန်ပြောပြပါတယ်။

နောက်ဆုံး သူ့ အဖိုး နေတဲ့ Arlit ဆိုတဲ့ နေရာကို ပို့ပေးလို့ အဖိုးနဲ့ ပြန်ဆုံရတဲ့အကြောင်း မိဘမဲ့ဖြစ်သွားရှာတဲ့ ရှာဖာက ပြန်ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ