ဂူးဂဲလ်မျက်မှန် ယာဉ်စည်းကမ်း ချိုးဖောက်သလား

  • 2 နိုဝင်ဘာ 2013
Image caption လူကြိုက်များတဲ့ နောက်ဆုံးပေါ် ဂူဂဲလ် မျက်မှန်

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့တုန်းက စီစီလီယာ အဘာဒီး ဆိုသူ အမျိုးသမီးတယောက်ကို မော်တော်ကား သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်မှုနဲ့ အတူ ဂူဂဲလ် စမတ်မျက်မှန်ကို ကားမောင်းရင်း တပ်ဆင်မှုနဲ့ပါ အရေးယူဒဏ်ရိုက်ခဲ့ပါတယ်။

ဂူဂဲလ်စမတ်မျက်မှန် တပ်ဆင် မောင်းနှင်မှုနဲ့ပတ်သက်ပြီး ဒဏ်ကြေးတပ်တဲ့ အပေါ်မှာ အငြင်းပွားမှုတွေတော်တော်များများ ဖြစ်နေပါတယ်။

မစ္စ အဘာဒီး ကို ကားမောင်းရင်း တီဗီမကြည့်ရဆိုတဲ့ ကယ်လီဖိုးနီးယား ယာဉ်စည်းကမ်းနဲ့ အရေးယူပြီး ဒဏ်ကြေးတပ်ခဲ့တာဖြစ်ပါတယ်။

ဘာ့ကြောင့် ဒီဥပဒေနဲ့ အရေးယူသလဲဆိုတော့ သူတပ်ထားတဲ့ ဂူဂဲလ် စမတ်မျက်မှန်ဟာ တီဗီကြည့်လို့လည်းရ၊ သီချင်းနားထောင်လို့လည်းရတဲ့အပြင် ကင်မရာလည်းပါတဲ့ မျက်မှန် အမျိုးအစားဖြစ်နေလို့ပါ။

မစ္စအဘာဒီးကတော့ တရားရုံးတက်ပြီး ခုခံကာကွယ်သွားဖို့ စဉ်းစားနေပါတယ်။ သူဟာ ဂူဂဲလ် မျက်မှန်ကို တပ်ထားပေမဲ့ ကားမောင်းတဲ့အချိန်မှာ အဲဒီမျက်မှန်ကို ဖွင့်မထားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တရားရုံးမှာ ငြင်းဆိုလျှောက်ထားဖို့ စဉ်းစားတာဖြစ်ပါတယ်။

သူကားမောင်းတဲ့ အမြန်နှုန်းကလည်း တနာရီကို ၆၅ မိုင်နှုန်းထက် မကျော်ရ သတ်မှတ်ထား တဲ့ နေရာမှာ မိုင် ၈၀ ကျော်နဲ့ မောင်းနှင်နေတာ ဖြစ်ပါတယ်။ မစ္စအဘာဒီးက မြန်နှုန်းကျော် မောင်းနှင်မှုကိုတော့ ဒဏ်ကြေးဆောင်ဖို့ သဘောတူပေမဲ့ ဂူဂဲလ်မျက်မှန်တပ်ဆင်မှုကြောင့် ပေးရမယ့် ဒဏ်ကြေးကို လက်မခံနိုင်တာဖြစ်ပါတယ်။

ယာဉ်ထိန်းရဲကတော့ မြန်နှုန်းအခုလို ကျော်မောင်းတာဟာ ဂူဂဲလ်မျက်မှန်ကို အသုံးပြုရင်း မောင်းနှင်တဲ့ အတွက်လို့ ယူဆပါတယ်။

အဲဒီအချိန်မှာ သူဟာ ဂူဂဲလ် မျက်မှန်ကို သုံးနေသလား မသုံးဘူးလားဆိုတဲ့ အချက်ကလည်း အတည်ပြုဖို့ ခက်ခဲပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဂူဂဲလ် မျက်မှန်ဟာ ဗွိုက်စ် အက်တီဗေးတစ်လို့ ခေါ်တဲ့ အဖွင့်အပိတ်ကို ပါးစပ်နဲ့ အသံနဲ့ အမိန့်ပေးခိုင်းစေနိုင်တဲ့ စနစ်အသုံးပြုထားလို့ပါ။

ဒီတော့ ယာဉ်ထိန်းရဲကို မြင်တဲ့အချိန်မှာ ပါးစပ်ကနေ အမိန့်ပေးပြီး ပိတ်ခိုင်းလိုက်ရင် ကားမောင်းစဉ်မှာ ဂူဂဲလ် မျက်မှန် သုံးနေသလား မသုံးဘူးလားဆိုတာကို သက်သေပြဖို့ ခက်ခဲ သွားပါတယ်။

မစ္စအဘားဒီးက သူ့ကို ရဲကဒဏ်ကြေးဖြတ်တဲ့ လက်မှတ်ကို ဂူဂဲလ်ပလပ်စ်လို့ခေါ်တဲ့ လူမှု ကွန်ယက်မှာ တင်ပြီး အများနဲ့ ပြောဆိုဆွေးနွေးပါတယ်။

သူ့ဘက်ကထောက်ခံသူ တော်တော်များများရှိပါတယ်။ ဂူဂဲလ်မျက်မှန်ဟာ ကားမောင်းရင်း တီဗီမကြည့်ရ ဥပဒေကနေ ချွင်းချက်ရသင့်တယ်လို့ ယူဆသူတော်တော်များများရှိပါတယ်။

တချို့ကဆိုရင် သူ့အတွက် တရားရုံးစရိတ်တောင် ဝိုင်းဝန်းထောက်ပံ့မယ်လို့ ကမ်းလှမ်းသူတွေလည်း ရှိကြပါတယ်။

ဒီဖြစ်ရပ်ဟာ နည်းပညာတွေ ပစ္စည်း အသစ်အဆန်းတွေ ပေါ်လာတာနဲ့ အတူ ဥပဒေတွေကလည်း နောက်ကနေ အမီလိုက်ပြီး တိတိကျကျ ပြဌာန်းဖို့ လိုအပ်လာကြောင်း အထောက်အထားတခုလို့လည်း ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။